သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေဟင်ထိန်းချုပ်မှု ကဒါဖီ ပြန်တိုက်မည်


ဝေဟင်ထိန်းချုပ်မှု ကဒါဖီ ပြန်တိုက်မည်
ဝေဟင်ထိန်းချုပ်မှု ကဒါဖီ ပြန်တိုက်မည်

လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရ ဇုန်နယ်မြေအဖြစ် သတ်မှတ်မယ်ဆိုရင် အနောက်နိုင်ငံတွေအပေါ် လက်နက်ကိုင် ဆန့်ကျင်သွားမယ်လို့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က ပြောဆိုလိုက်ပါတယ်။

ဒီလိုလုပ်ရပ်ဟာ လစ်ဗျားပိုင် ရေနံတွေကို သိမ်းပိုက်ဖို့ အနောက်နိုင်ငံတွေရဲ့ တကယ့်ရည်ရွယ်ချက်ကို ပြသမှု အဖြစ်နဲ့ လစ်ဗျားနိုင်ငံသားတွေက သဘောထားသွားမှာ ဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် သတင်းဌာန တခုဖြစ်တဲ့ TRT ရုပ်မြင်သံကြားနဲ့ ဒီနေ့ မေးမြန်းမှု တခုအတွင်း လစ်ဗျားခေါင်းဆောင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လစ်ဗျားအစိုးရကို ဆန့်ကျင် အုံကြွမှုတွေဟာ ပြည်ပနိုင်ငံတွေရဲ့ လက်ချက် ဖြစ်တယ်လို့လည်း ဒီနေ့ လစ်ဗျားနိုင်ငံပိုင် ရုပ်မြင်သံကြားမှာ သီးခြား မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ဇန်ဒန်မြို့က လူထုကို မိန့်ခွန်းပြောကြားတဲ့ အထဲမှာ လစ်ဗျားနိုင်ငံက အုံကြွမှုတွေအတွက် အာဖဂန်၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်နဲ့ ပါလက်စတိုင်း နယ်မြေမှာ ရှိတဲ့သူတွေမှာ တာဝန်ရှိတယ်ဆိုပြီး ပြစ်တင် ပြောဆိုလိုက်တာပါ။

အင်္ဂါနေ့မှာတုန်းကတော့ အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ ဇာဝီယာမြို့ကို ၅ ရက်မြောက်အဖြစ် ကဒါဖီရဲ့ သစ္စာခံတပ်တွေက ဆက်လက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရ ထိန်းချုပ်ထားတဲ့ ထရီပိုလီမြို့ အနောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ ဇာဝီယာမြို့ကို မော်တာ အမြောက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်ခဲ့တယ်လို့လည်း မျက်မြင် တွေ့သူတွေက ပြောပါတယ်။

အတိုက်အခံတွေ လက်ထဲ ရောက်နေတဲ့ နိုင်ငံ အရှေ့ပိုင်းဒေသ အတော်များများကိုလည်း အစိုးရတပ်တွေက လေကြောင်းကနေ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။

လစ်ဗျားနိုင်ငံကို လက်နက်ရောင်းချမှုတွေ တားမြစ်တာ၊ လေယာဉ် မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်တာ၊ လူသားချင်း စာနာမှု အကူအညီ ပေးဖို့နဲ့ မျက်ခြည်မပြတ် စောင့်ကြည့်သွားဖို့တွေ အပါအဝင် ဖြစ်နိုင်စရာရှိတဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့အကြား သဘောတူညီချက် ရရှိတဲ့အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG