သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်နိုင်ငံတွေနဲ့ ရေရှည်စစ် ဆင်နွှဲဖို့ လစ်ဗျားခေါင်းဆောင် ကြေညာ


အနောက်နိုင်ငံတွေနဲ့ ရေရှည်စစ် ဆင်နွှဲဖို့ လစ်ဗျားခေါင်းဆောင် ကြေညာ
အနောက်နိုင်ငံတွေနဲ့ ရေရှည်စစ် ဆင်နွှဲဖို့ လစ်ဗျားခေါင်းဆောင် ကြေညာ

သူ့ရဲ့တပ်ဖွဲ့တွေကို လေကြောင်းက မစ်ဆိုင်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့ အနောက်နိုင်ငံ တပ်ဖွဲ့တွေနဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့်ပဲလို့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အခုလို လစ်ဗျားနိုင်ငံ အရေးကို ဝင်ရောက် စွက်ဖက်နေတာဟာ လုံး၀ တရားမျှတမှု မရှိဘူးလို့ တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် တယ်လီဖုန်းနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ကဒါဖီက ထည့်သွင်း ပြောကြားလိုက်တာပါ။ အခုလို လေကြောင်းက တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ တူတယ်လို့ ဆိုပါတယ်။

လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်အရ ပြုလုပ်ခဲ့တဲ့ အစောပိုင်း စစ်ဆင်ရေးတွေ အောင်မြင်မှု ရှိခဲ့တယ်လို့ အမေရိကန် ထိပ်တန်း စစ်ဘက်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတယ်လို့ သူ့အနေနဲ့ မကြားသိရဘူးလို့ ဗိုလ်ချုပ်ကြီး မူလန်က ပြောပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လစ်ဗျားနိုင်ငံသား ၄၈ ဦး သေဆုံးပြီး ၁၅၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ လစ်ဗျားအစိုးရပိုင် ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။

လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှု ရှိစေဖို့ ပြသတဲ့ အနေနဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီရဲ့ တပ်တွေကို မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းပြီး အမေရိကန် တပ်တွေကလည်း လစ်ဗျားလေတပ်ကို စနေနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။

မြေထဲပင်လယ်ထဲမှာ နေရာယူထားတဲ့ အမေရိကန်နဲ့ ဗြိတိသျှ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေက လစ်ဗျားတပ်တွေကို ပစ်မှတ်ထားပြီး စနေနေ့မှာ တိုမာဟော့ခ် (Tomahawk) ဒုံးကျည် ၁၁၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပန်တဂွန် (Pentagon) စစ်ဌာနချုပ် အရာရှိတွေက ပြောပါတယ်။ မဟာမိတ်တပ်တွေအတွက် တိုက်ရိုက် အန္တရာယ် ပေးနိုင်တယ်လို့ ယူဆရတဲ့ ပစ်မှတ် ၂၀ ကျော်အပြင် လစ်ဗျား အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ တရားမျှတမှု မရှိတဲ့ ကျူးကျော်ရန်စလိုသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ မစ္စတာ ကဒါဖီက ပြောပါတယ်။ မြေထဲပင်လယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ နေရာတွေကို လက်တုံ့ပြန်သွားမယ်လို့ မစ္စတာ ကဒါဖီက ပြောဆိုလိုက်ပြီး အဲဒီဒေသဟာ တကယ့် စစ်တလင်းပြင် ဖြစ်လာနေပြီလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG