သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအတိုက်အခံတွေ အစိုးရ နယ်မြေတွေ သိမ်းပိုက်ဖို့ ကြိုးပမ်း


လစ်ဗျားအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသူများ အက်ဂ်ျဒါဘီယာမြို့ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေစဉ်။ မတ် ၂၁၊ ၂၀၁၁။

လစ်ဗျားအစိုးရ တပ်တွေရှိရာအပေါ် နိုင်ငံတကာ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာကို လက်နက်ကိုင် အစိုးရ တော်လှန်နေသူတွေက အခွင့်ကောင်းယူပြီး လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း အစိုးရတပ်တွေ ပြန်သိမ်းသွားတဲ့ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) အပေါ် သစ္စာစောင့်သိတဲ့တပ်တွေ နေရာယူထားတဲ့ နေရာတွေကို တိုက်ခိုက်ဖို့ လက်နက်ကိုင် တော်လှန်နေသူတွေဟာ ဒီနေ့ တနင်္လာနေ့မှာ ပြန်လည်လူစုပြီး အက်ဂ်ျဒါဘီယာ (Ajdabiya) မြို့ဘက်ကို သွားနေကြပါတယ်။

ဒါပေမဲ့ မီစ်ရာတာ (Misrata) မြို့က အစိုးရ ဆန့်ကျင်သူ အသိုင်းအဝိုင်းက သိရတာကတော့ အနောက်ဘက်ခြမ်းကမြိ့မှာ အစိုးရတပ်တွေက ဆက်လက် ခြိမ်းခြောက် နှောင့်ယှက်မှုတွေ လုပ်နေပြီး နိုင်ငံတကာ တပ်တွေရဲ့ တိုက်ခိုက်မှုအပေါ် အရပ်သားတွေကို လူသားဒိုင်းတွေသဖွယ် သုံးပြီး ခုခံကာကွယ်နေတယ်လို့ ဆိုပါတယ်။

ထရီပိုလီ (Tripoli) မြို့တော်မှာတော့ တနင်္ဂနွေနေ့က လေကြောင်း တိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့ သမ္မတ အိမ်ရာဝန်းကို သမ္မတ လိုလားတဲ့ တပ်တွေက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ရှိမရှိ တိတိကျကျ မသိရသေးပေမဲ့ လစ်ဗျား အစိုးရကတော့ နိုင်ငံတကာ တပ်တွေရဲ့ စနေနေ့တည်းက စတင်တိုက်ခိုက်မှုကြောင့် လူပေါင်း လေးငါးခြောက်ဆယ်လောက် သေဆုံးခဲ့တယ်လို့ ပြောနေပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း လစ်ဗျားဝေဟင်ပေါ် လေယာဉ်ပျံသန်းမှု ထိန်းချုပ်ထားနိုင်ဖို့ အမေရိကန်တပ်တွေက ဗြိတိန်၊ ပြင်သစ်တပ်တွေအပြင် တခြား ပူးပေါင်းတပ်တွေနဲ့ လစ်ဗျားကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သမ္မတ ကဒါဖီရဲ့ ၄၂ နှစ်ကြာ အုပ်ချုပ်ရေး အဆုံးသတ်စေဖို့ လွန်ခဲ့တဲ့ တလလောက်တည်းက စတင်နေတဲ့ လူထုအုံကြွမှုတွေအပေါ် သမ္မတကို လိုလားတဲ့ တပ်တွေက တိုက်ခိုက်နေတာ ရပ်စေဖို့အတွက် လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG