သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားတိုက်ပွဲ အရှိန်မြင့်


လစ်ဗျားတိုက်ပွဲ အရှိန်မြင့်
လစ်ဗျားတိုက်ပွဲ အရှိန်မြင့်

လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်နိုင်ဖို့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) က ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို သစ္စာခံတပ်ဖွဲ့တွေက နိုင်ငံအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ အတိုက်အခံတွေ ထိန်းချုပ်ရာ မြို့တွေကို တိုက်ခိုက်နေပါတယ်။

လစ်ဗျားခေါင်းဆောင်ကို လိုလားသူ တပ်တွေက နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ မီစ်ရာတာ (Misrata) နဲ့ ဇင်တန် (Zintan) မြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာပဲ ဒီကနေ့ မြို့တော် ထရီပိုလီ (Tripoli) မှာ ပေါက်ကွဲမှုတွေနဲ့ လေယာဉ်ပစ် သေနတ်သံတွေကိုလည်း ကြားကြရတာပါ။

အရှေ့ပိုင်းဒေသက အက်ဂျ်ဒါဘီယာ (Ajdabiya) မြို့မှာလည်း အစိုးရ လိုလားသူတွေနဲ့ သူပုန်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် အကြီးအကျယ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ လက်နက်တင်ပို့မှုတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် နေတိုး စစ်သင်္ဘောတွေ လစ်ဗျားကမ်းခြေမှာ ရောက်နေတယ်လို့လည်း AP သတင်းတပုဒ်က ဖော်ပြပါတယ်။

လစ်ဗျားနိုင်ငံအပေါ် ကန့်သတ်မှုတွေ လုပ်သွားဖို့ အဓိက အခန်းကဏ္ဍမှာ နေတိုးတပ်ဖွဲ့တွေ တာဝန်ယူသွားဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီလို့လည်း သံတမန်တွေက ပြောပါတယ်။

သူပုန်တွေနဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေကို အောင်မြင်အောင် တိုက်ခိုက်သွားမယ်လို့ လစ်ဗျားခေါင်းဆောင်က သန္နိဋ္ဌာန်ချ ပြောဆိုအပြီး နာရီပိုင်း အတွင်းမှာပဲ အခုလို နောက်ဆက်တွဲ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။

သီတင်းတပတ်အတွင်း ပထမဆုံးအကြိမ် အဖြစ်နဲ့ ထောက်ခံသူတွေကို မိန့်ခွန်းပြောဖို့ ထရီပိုလီမြို့က သူ့အိမ်ဝန်းထဲကို ထွက်လာတဲ့ လစ်ဗျားခေါင်းဆောင်ကတော့ အချိန်တို အတွင်းမှာပဲဖြစ်ဖြစ်၊ ရေရှည်မှာပဲဖြစ်ဖြစ် တိုက်ပွဲတွေ ဆင်နွှဲသွားဖို့ သူ့အနေနဲ့ အဆင်သင့် ရှိနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံပေါ်မှာ လေယာဉ်မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်ဖို့ ကြိုးပမ်းတာဟာ အစ္စလာမ် ဘာသာအပေါ် စစ်ဆင်နွှဲတာ ဖြစ်တယ်လို့ သူ့ရဲ့တပ်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာ တပ်တွေကို လစ်ဗျားခေါင်းဆောင်က ပြစ်တင် ပြောဆိုလိုက်တာပါ။

XS
SM
MD
LG