သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညွန့်ပေါင်းတပ်တွေ လစ်ဗျားဝေဟင်ကို ထိန်းချုပ်


ညွန့်ပေါင်းတပ်တွေ လစ်ဗျားဝေဟင်ကို ထိန်းချုပ်
ညွန့်ပေါင်းတပ်တွေ လစ်ဗျားဝေဟင်ကို ထိန်းချုပ်

အစိုးရကို ထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ ဆန့်ကျင်သူတွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ လစ်ဗျားနိုင်ငံမှာ မဟာမိတ် တပ်ဖွဲ့တွေက လက်ဦးမှုရအောင် လုပ်ဆောင်နိုင်နေတယ်လို့ အမေရိကန်နဲ့ ဗြိတိန် ထိပ်တန်း စစ်ဘက်အရာရှိတွေက ပြောလိုက်ပါတယ်။

လစ်ဗျားရဲ့ လေကြောင်းပိုင်နက်ကို ညွန့်ပေါင်းတပ်ဖွဲ့တွေဘက်က ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဗြိတိန် လေတပ် ဒု-ဗိုလ်ချုပ်ကြီး ဂရက် ဘက်ဝဲ ပြောတာကတော့ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ တပ်တွေက မဟာမိတ် တပ်တွေကို ပြန်ပြီး မခုခံနိုင်တော့တဲ့ အနေအထားကို ရောက်နေပြီ၊ ကဒါဖီရဲ့ လေတပ်ဟာ တိုက်ခိုက်နိုင်စွမ်း မရှိတော့တဲ့ အနေအထားကို ရောက်သွားပြီလို့ ဆိုပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေက ကဒါဖီရဲ့ မစ်ဆိုင်းဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ ယန္တရားတပ်တွေကို အဓိက ပစ်မှတ်ထားတယ်လို့ ရေတပ်ဗိုလ်ချုပ် ဂဲရတ် ဟူဘာ (Gerard Hueber) က ပြောပါတယ်။

မစ္စတာ ကဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက လစ်ဗျားနိုင်ငံရဲ့ အနောက်ပိုင်း မီစ်ရာတာ (Misrata) နဲ့ ဇင်တန် (Zintan) မြို့တွေကို ဆက်ပြီး တိုက်ခိုက်နေတုန်းပါပဲ။ နိုင်ငံအရှေ့ပိုင်းက အက်ဂျ်ဒါဘီယာ (Ajdabiya) မြို့က တိုက်ပွဲတွေမှာလည်း အပျက်အစီး ကြီးကြီးမားမားတွေ ရှိနေတယ်လို့ မျက်မြင် သက်သေတွေက ပြောကြပါတယ်။

မစ္စတာ ကဒါဖီကတော့ သူပုန်တွေကိုရော နိုင်ငံတကာ တပ်ဖွဲ့တွေကိုရော အောင်မြင်တဲ့အထိ ဆက်ပြီး တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG