သုံးရလွယ်ကူစေသည့် Link များ

လစ်ဗျား အတိုက်အခံတပ်တွေ ဆက်လက် ထိုးစစ်ဆင်

  • ဗွီအိုအေ (မြန်မာဌာန)

လစ်ဗျား အတိုက်အခံတပ်တွေ ဆက်လက် ထိုးစစ်ဆင်

အနောက်နိုင်ငံတွေက လစ်ဗျားနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုတွေ သီတင်းတပတ်ကြာလောက် ပြုလုပ်ခဲ့တာကြောင့် အစိုးရတပ်တွေ အလျှင်အမြန် တပ်ဆုတ်ပြေးနေရတဲ့ အချိန်မှာပဲ သူပုန်တပ်ဖွဲ့တွေဟာ တိုင်းပြည်အရှေ့ဘက်ခြမ်းက မြို့တွေကို ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီး တိုင်းပြည် အနောက်ဘက်ခြမ်းကို ဆက်လက် ချီတက်နေကြပါတယ်။

တနင်္ဂနွေနေ့မှာတော့ သူပုန်တပ်ဖွဲ့တွေဟာ အယ်လ်-အီဂီလာ (Al-Egila) မြို့ကို သိမ်းပိုက်ခဲ့ကြပြီး အရေးပါတဲ့ ရေနံဆိပ်ကမ်းမြို့ ရပ်စ် လန်နုဖ် (Ras Lanouf) ရှိတဲ့ အနောက်ဘက်ခြမ်းကို ဆက်လက် ချီတက်နေကြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) အပေါ် သစ္စာခံတဲ့ တပ်တွေကို ပြီးခဲ့တဲ့ သီတင်းတပတ်လောက်က လက်လွတ် ဆုံးရှုံးခဲ့တဲ့ အရေးပါတဲ့ ရေနံဆိပ်ကမ်းမြို့ဖြစ်တဲ့ အက်ဂ်ျဒါဘီယာ (Ajdabiya) နဲ့ ဘရီဂါ (Brega) မြို့တို့ကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ကြတာပါ။

အခုလ အစောပိုင်းတုန်းက လစ်ဗျားအစိုးရ တပ်ဖွဲ့တွေ ပြန်လည် ထိုးစစ်မဆင်ခင်အထိ သူပုန်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အနောက်ဘက် အစွန်ဆုံးမြို့ ဘင်ဂျဝပ်ဒ် (Bin Jawad) ကိုပါ တနင်္ဂနွေနေ့မှာ ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီလို့ အနောက်တိုင်း သတင်းဌာနတွေကို သူပုန်တပ်ဖွဲ့တွေက ပြောခဲ့ပေမဲ့ အဲဒီသတင်းတွေကို သီးခြား အတည်ပြုလို့ မရသေးပါဘူး။

ဒီအတောအတွင်း ထရီပိုလီ (Tripoli) မြို့ အရှေ့ဘက် သူပုန်တပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့ မီစ်ရာတာ (Misrata) မြို့မှာ လစ်ဗျားအစိုးရ လေယာဉ် ၅ စင်းနဲ့ ဟယ်လီကော်ပတာ ၂ စင်းကို လေကြောင်းကနေ ပစ်ချနိုင်ခဲ့တယ်လို့ ပြင်သစ်စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် လစ်ဗျားခေါင်းဆောင် ကဒါဖီ အသေအချာ ခြေကုပ်ယူထားတဲ့ မြို့တော် ထရီပိုလီ အနီးနား ပတ်ဝန်းကျင်ကိုလည်း နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံသားတွေအတွက် လိုအပ်တဲ့ ခုခံကာကွယ်မှုတွေ ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက်ပိုင်း အနောက်အုပ်စု ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ လစ်ဗျားနိုင်ငံကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့တာပါ။

XS
SM
MD
LG