သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အနောက်ခြမ်းမြို့တွေကို သူပုန်တွေ ချီတက်သိမ်းပိုက်


လစ်ဗျား အနောက်ခြမ်းမြို့တွေကို သူပုန်တွေ ချီတက်သိမ်းပိုက်
လစ်ဗျား အနောက်ခြမ်းမြို့တွေကို သူပုန်တွေ ချီတက်သိမ်းပိုက်

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ခြေကုတ်ယူထားတဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေဟာ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံတပ်တွေ တပ်စွဲထားရာ အနောက်ဘက်ပိုင်းကို အမြန်ချီတက် တိုက်ခိုက်နေပါတယ်။

ကဒါဖီရဲ့တပ်တွေကို နိုင်ငံတကာ မဟာမိတ်တပ်တွေက လေကြောင်းကနေ တိုက်ခိုက်ပေးတာမို့ သူတို့ဟာ မြို့အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အရှေ့ပိုင်းက ဘင်ဂျဝပ်ဒ် (Bin Jawad) မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မစ္စတာ ကဒါဖီရဲ့ ဇာတိမြို့ဖြစ်တဲ့ အလယ်ပိုင်းက ဆာတီ (Sirte) မြို့ကို ဖိတိုက်ဖို့အတွက် ကြိုးစားနေပါတယ်။

ဒီလဆန်းပိုင်းက အတိုက်အခံတွေဘက်က ဘင်ဂျဝပ်ဒ်အထိ အဝေးဆုံး သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အင်အားကြီးတဲ့ ကဒါဖီရဲ့ သစ္စာခံတပ်တွေ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ဆုတ်ပေးခဲ့ရပြီး အခု မဟာမိတ်တပ်တွေရဲ့ အကူအညီနဲ့ ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆာတီမြို့ခံတချို့လည်း မြို့ကိုစွန့်ခွာပြီး ထွက်သွားနေပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ တင်ဆောင်ထားတဲ့ ကားတွေ မစ္စတာ ကဒါဖီ ထိန်းချုပ်ထားတဲ့ ထရီပိုလီ (Tripoli) မြို့တော် ရှိရာကို ဦးတည်သွားနေတာပါ။

တနင်္ဂနွေညပိုင်းမှာ ဆာတီမြို့ဘက်က ပေါက်ကွဲမှုကြီး ၂ ခုကို ကြားခဲ့ရပါတယ်။ အတိုက်အခံတပ်တွေဟာ တနင်္ဂနွေနေ့ ဘင်ဂျဝပ်ဒ်ကို မသိမ်းခင် လမ်းမှာရှိတဲ့ ရပ်စ်လန်နုဖ် (Ras Lanouf) နဲ့ ဘရီဂါ (Brega) ရေနံဆိပ်ကမ်းမြို့တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာမို့ လစ်ဗျား ရေနံတင်ပို့မှုကို အဓိက လုပ်နေတဲ့ ပိုက်လိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မတ်လ ၁၉ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လစ်ဗျား အရပ်သားတွေကို အစိုးရတပ်တွေ တိုက်ခိုက်မှုကနေ လိုအပ်သလို အကာအကွယ် ပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အားဖြည့်နိုင်ဖို့အတွက် အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိသျှ ဦးဆောင်တဲ့ မဟာမိတ် တပ်တွေက လေကြောင်းကနေ တိုက်ခိုက်ပေးခဲ့ပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုတွေကနေ အတိုက်အခံတွေ သူတို့ တပ်စွဲထားတဲ့ အရှေ့ပိုင်းဒေသဆီ မကြာခင် ရက်တွေအတွင်း အစိုးရတပ်တွေ လက်ထဲက ပြန်လည် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၈ နိုင်ငံ ပါဝင်တဲ့ နေတိုး မဟာမိတ် တပ်တွေဟာ လစ်ဗျားအတွက် လေကြောင်းစစ်ဆင်ရေး လုပ်ငန်းတွေကို အနောက်နိုင်ငံတွေ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ လက်ထဲကနေ လွှဲပြောင်းယူဖို့အတွက် တနင်္ဂနွေနေ့ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ သဘောတူခဲ့ကြောင်း နေတိုး အကြီးအကဲ အန်းဒါးစ် ဖို့ ရပ်စ်မူဆန် (Anders Fogh Rasmussen) က ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG