သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) ကို ပုန်ကန်နေကြသူတွေဘက်က သမ္မတရဲ့ တပ်တွေကို နိုင်ငံ အနောက်ဘက်ဆီကို ပြန်သွားအောင် တွန်းလှန် တိုက်နေကြတာမှာ မစ္စတာ ကဒါဖီရဲ့ မွေးရပ် ဆတ် (Sirte) မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီမှာ အခိုင်အမာ ခြေကုပ်ယူထားတဲ့ အစိုးရတပ်တွေနဲ့ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အလားအလာ များနေပါတယ်။
လစ်ဗျားအစိုးရ တပ်တွေအပေါ် နိုင်ငံတကာရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို အခွင့်ကောင်းယူပြီး လက်နက်ကိုင် ပုန်ကန်နေသူတွေက ထရီပိုလီ (Tripoli) မြို့တော်ဘက်ကို ရှေ့တိုး တိုက်ခိုက်နေတာမှာ နိုင်ငံတကာရဲ့ လေကြောင်းပျံသန်းရေး ထိန်းချုပ်မှု မလုပ်ခင်က အစိုးရတပ်တွေ ထိန်းထားတဲ့ ဒေသ တော်တော်များများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သမ္မတကို လက်နက်ကိုင် တော်လှန် ပုန်ကန်နေကြသူတွေဟာ လစ်ဗျားကို တရားဝင် ဦးဆောင်ခွင့် ရှိသူတွေ ဖြစ်တယ်လို့ ဒီကနေ့ ကာတာက အသိအမှတ် ပြုလိုက်တဲ့အတွက် ဒါဟာ အာရပ်နိုင်ငံတွေကြားမှာ ပုန်ကန်နေသူတွေကို ပထမဆုံး တရားဝင် လက်ခံလိုက်တာ ဖြစ်ပါတယ်။ လစ်ဗျားအပေါ် အနောက်နိုင်ငံတွေရဲ့ လေကြောင်းက တိုက်ခိုက်မှုမှာလည်း ကာတာက ပါဝင်နေပါတယ်။
ရေနံထုတ်လုပ် တင်ပို့မှုအတွက် အချက်အခြာကျတဲ့ ဘရီဂါ (Brega) နဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) မြို့တွေ အပါအဝင် နေရာတော်တော်များများကို ပုန်ကန်နေသူတွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ ပူးပေါင်းတပ်တွေက ဆတ်မြို့အပေါ် တနင်္ဂနွေနေ့က ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ထရီပိုလီမြို့တော်အပေါ် တနင်္ဂနွေနေ့ နှောင်းပိုင်းက အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပါတယ်။