လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) မရှိတဲ့နောက် တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေးအတွက် အစီအစဉ်တွေ ချမှတ်နိုင်ဖို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံက သံတမန်တွေ ဆွေးနွေးနေကြပါတယ်။
အနာဂတ် နိုင်ငံရေးအတွက် အစီအစဉ်တွေ ဒီလို ချမှတ်ရာမှာ အင်အားကြီး နိုင်ငံတွေ အနေနဲ့ အကူအညီတွေ အမြောက်အမြား ပေးအပ်သွားဖို့ ပြင်ဆင်နေကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။
ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ကတော့ အစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ မီစ်ရာတာ (Misrata) မြို့ခံတွေကို ကဒါဖီ သစ္စာခံတဲ့ တပ်တွေက အသေအကျေ တိုက်ခိုက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
လစ်ဗျားနိုင်ငံအတွက် လုပ်ဆောင်သွားမယ့် ကိစ္စတွေကို ဆွေးနွေးကြတဲ့ ညီလာခံ အဖွင့်မှာတော့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အင်အားသုံး ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လစ်ဗျားခေါင်းဆောင်က ဆက်ပြီး ချိုးဖောက်နေဆဲပဲလို့လည်း ပြောဆိုခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ ကဒါဖီရဲ့ စစ်အင်အားကို ချည့်နဲ့အောင် လုပ်ဆောင်ပြီး လူတွေ အမြောက်အမြား သေကြေမယ့် အဖြစ်ကို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တားဆီးနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂက ပြောထားတဲ့အတိုင်း မလိုက်နာမချင်း တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့တာပါ။
ဒီအတောအတွင်း လစ်ဗျားနိုင်ငံမှာ အမေရိကန်က စစ်ရေးအရ ပါဝင် ပတ်သက်နေတဲ့အပေါ် အမေရိကန် နိုင်ငံသားတွေကြား သဘောထား အမျိုးမျိုး ကွဲပြားနေတာကိုလည်း လူထုစစ်တမ်းတခုက ဖော်ပြလိုက်ပါတယ်။
အမေရိကန် အခြေစိုက် သီးခြားလွတ်လပ်တဲ့ သုတေသန အဖွဲ့တခုဖြစ်တဲ့ PEW ရဲ့ ဆန်းစစ်ချက်မှာ စစ်တမ်းကောက်ယူခဲ့သူတွေရဲ့ ၄၇% က အမေရိကန် အနေနဲ့ လစ်ဗျားအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာ မှန်တယ်လို့ ယုံကြည်ကြောင်းနဲ့ ၃၆% ကတော့ မှားတယ်လို့ ပြောဆိုခဲ့ကြပြီး ၁၇% ကတော့ သဘောထား မပေးခဲ့ကြဘူးလို့ ဖော်ပြခဲ့တာပါ။