လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံတပ်တွေ ၀ိုင်းလာတဲ့အတွက် နိုင်ငံက ရေနံထုတ်လုပ်ရာ အဓိက မြို့တမြို့ဖြစ်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) ကနေ ပြန်ဆုတ်ပေးခဲ့ရကြောင်း လစ်ဗျား အတိုက်အခံ တပ်ဖွဲ့တွေက ပြောဆိုလိုက်ကြပါတယ်။
အစိုးရလိုလားတဲ့ တပ်တွေက အမြောက်တွေ၊ ရော့ကက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်မှုတွေနဲ့အတူ ဒီနေ့မှာလည်း နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြတာပါ။
သူပုန်တပ်ဖွဲ့ အမြောက်အမြားဟာ ထရပ်ကားတွေနဲ့ အရှေ့ဘက်ဒေသကို ပြန်လှည့်ပြေးနေကြပြီလို့လည်း သတင်းတွေက ဆိုကြပါတယ်။
အစိုးရဆန့်ကျင်သူ တပ်ဖွဲ့တွေရဲ့ အနောက်ဘက်ဒေသ ထိုးစစ်တွေအတွင်း အစိုးရလိုလားသူ တပ်တွေက သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေနဲ့ မနေ့တုန်းက တန်ပြန် တိုက်ခိုက်ခဲ့တဲ့အတွက် သူပုန်တပ်တွေ ရပ်စ် လန်နုဖ်မြို့က ထိတ်လန့်တကြား ပြန်ဆုတ်ခဲ့ကြရတာပါ။ ပြန်လည်ဆုတ်ခွာနေတဲ့ အတိုက်အခံ တပ်တွေကတော့ ညွန့်ပေါင်းတပ်တွေက လေကြောင်းက တိုက်ခိုက်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့နှောင်းပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေနဲ့အတူ လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ တပ်တွေက ရပ်စ် လန်နုဖ် မြို့စွန်အထိ ရောက်လာခဲ့ကြတာပါ။ အစိုးရတပ်တွေက သူပုန်တွေ တပ်စွဲထားတဲ့ အနောက်ဘက်ဒေသက အဓိကမြို့ဖြစ်တဲ့ မီစ်ရာတာ (Misrata) ကိုလည်း ဆက်လက်ဝိုင်းဝန်းထားပါတယ်။
အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မြို့လယ်ခေါင်ကို အနီးအနား ပတ်ဝန်းကျင်နဲ့ လစ်ဗျားခေါင်းဆောင်ရဲ့ တပ်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကနေ ကြုံသလို ပစ်ခတ်နေတယ်လို့လည်း သူပုန်ခေါင်းဆောင် တယောက်က မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။