သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားနိုင်ငံ မီစ်ရာတာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


လစ်ဗျားနိုင်ငံ မီစ်ရာတာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
လစ်ဗျားနိုင်ငံ မီစ်ရာတာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက သူပုန်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မီစ်ရာတာ (Misrata) မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်လိုက်ပြီလို့ အစိုးရက ပြောနေတဲ့ ကြားကပဲ တနင်္ဂနွေနေ့မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေတုန်း ဖြစ်ပါတယ်။

အစိုးရတပ်တွေ ၂ လလောက် ဝိုင်းရံထားတဲ့ ကာလအတွင်း လူတွေ ရာနဲ့ချီ သေဆုံးမှုနဲ့ ရင်ဆိုင်နေရတဲ့ မီစ်ရာတာမြို့ကို ဒုံးကျည်တွေ၊ သေနတ်တွေနဲ့ ဆက်လက် ပစ်ခတ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မီစ်ရာတာက သူပုန်တွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားပေမဲ့ အဲဒီနေရာကနေတော့ အစိုးရတပ်တွေ ဆုတ်ခွာ သွားမှာ မဟုတ်ဘူးလို့ လစ်ဗျား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ခါလက်ဒ် ခမ်း (Khaled Kaim) က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အစိုးရတပ်တွေ အခုလို ထိုးစစ်ဆင်နေတာ ရပ်တန့်လိုက်တာဟာ လူမျိုးစု ခေါင်းဆောင်တွေနဲ့ သူပုန်တပ်ဖွဲ့တွေ အကြား စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာအောင် ဖန်တီး လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ခမ်းက ပြောပါတယ်။ တကယ်လို့ ၄၈ နာရီအတွင်း သူပုန်တပ်ဖွဲ့တွေ လက်နက်မချရင်တော့ စစ်တပ်နေရာမှာ လူမျိုးစု အဖွဲ့တွေက အစားထိုးပြီး သူပုန်တွေကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မီစ်ရာတာမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စနေနေ့က လူ ၂၃ ယောက် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ပြောဆိုနေတဲ့ အချိန်မှာပဲ အခုလို အစိုးရဘက်က ချဉ်းကပ်မှု တွေ ပြောင်းလဲ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG