သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားရှိ ဗြိတိန်နဲ့ အီတလီ သံရုံးများ တိုက်ခိုက်ခံရ


လစ်ဗျားရှိ ဗြိတိန်နဲ့ အီတလီ သံရုံးများ တိုက်ခိုက်ခံရ
လစ်ဗျားရှိ ဗြိတိန်နဲ့ အီတလီ သံရုံးများ တိုက်ခိုက်ခံရ

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ သားငယ်နဲ့ မြေး ၃ ယောက်ကို သေဆုံးစေခဲ့တဲ့ နိုင်ငံတကာ နေတိုး (NATO) တပ်ဖွဲ့ရဲ့ ဒုံးကျည် ပစ်ခတ် တိုက်ခိုက်မှုကို လက်စားချေတဲ့ အနေနဲ့ လစ်ဗျားမြို့တော် ထရစ်ပိုလီ (Tripoli) မှာရှိတဲ့ ဗြိတိသျှနဲ့ အီတလီ သံရုံးတွေ အတိုက်အခိုက် ခံခဲ့ရပါတယ်။

ဒါကြောင့် ကုလသမဂ္ဂက သူ့ရဲ့ နိုင်ငံတကာ ဝန်ထမ်းတွေကို ထရစ်ပိုလီကနေ ချက်ချင်း ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ဗြိတိသျှသံရုံး အတိုက်အခိုက် ခံခဲ့ရတဲ့အတွက် ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းမှုတွေ ဖြစ်စေခဲ့တာမို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ် (William Hague) က တနင်္ဂနွေနေ့မှာ ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။

ဒီလို သံတမန်အဖွဲ့ကို တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဗီယင်နာစာချုပ်ကို ချိုးဖောက်တာလို့ ပြောပါတယ်။ ဒါ့အပြင် ဗြိတိသျှ အစိုးရက ဗြိတိန်နိုင်ငံမှာရှိတဲ့ လစ်ဗျား သံအမတ်ကြီးကိုလည်း နှင်ထုတ်ခဲ့ပါတယ်။

ထရစ်ပိုလီမှာရှိတဲ့ သံရုံးအများအပြား အတိုက်အခိုက် ခံခဲ့ရတဲ့ အထဲမှာ အီတလီ သံရုံးလည်း ပါဝင်တယ်လို့ အီတလီ အစိုးရက အတည်ပြုလိုက်ပြီး နိုင်ငံရပ်ခြား သံတမန်တွေကို မစ္စတာ ဂဒါဖီ အစိုးရအဖွဲ့က အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အနောက်နိုင်ငံ အများအပြားက ထရစ်ပိုလီမှာရှိတဲ့ သူတို့သံရုံးတွေက ဝန်ထမ်းတွေကို လွန်ခဲ့တဲ့ သီတင်းပတ်ပေါင်းများစွာ နေတိုးတပ်က စစ်ရေး စတင် မဝင်ရောက်ခင် ကတည်းက ပြန်ပြီး ခေါ်ယူထားကြတာ ဖြစ်ပါတယ်။

သံရုံး အတိုက်အခိုက် ခံရမှုတွေအတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မာ့ခ် တုန်နာ (Mark Toner) က ရှုတ်ချ ပြစ်တင်လိုက်ပြီး လစ်ဗျားမှာရှိတဲ့ အမေရိကန် သံတမန် အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ရထားတယ်လို့ ဆိုပါတယ်။

အခုလို မစ္စတာ ဂဒါဖီက သံတမန်တွေကို အကာအကွယ် မပေးတာဟာ နိုင်ငံတကာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လစ်ဗျားက ချိုးဖောက်တာ နောက်တခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂကတော့ သူ့ရဲ့ နိုင်ငံ ၁၂ နိုင်ငံက ဝန်ထမ်းတွေကို ထရစ်ပိုလီကနေ တူနီးရှားနိုင်ငံဘက်ကို ယာယီ ရွှေ့ပြောင်းထားခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ ဘန်ဂါဇီ (Benghazi) ဘက်မှာရှိတဲ့ ဝန်ထမ်းတွေ အတွက်တော့ ပြောင်းရွှေ့စရာ မလိုဘူးလို့ ပြောပါတယ်။

XS
SM
MD
LG