လစ်ဗျားသူပုန်တွေက နိုင်ငံမှာ နှစ်ရှည် အုပ်ချုပ်လာခဲ့တဲ့ ခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ကို တိုက်ခိုက်ဖို့ အီတလီနိုင်ငံ အနေနဲ့ သူတို့ကို လက်နက်တွေ ထောက်ပံ့ပေးဖို့ သဘောတူလိုက်ပြီလို့ မနေ့က ပြောလိုက်ပါတယ်။
သူပုန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဘ်ဒယ်လ်-ဟာဖစ်ဇ် ဂိုဂါ (Abdel-Hafiz Ghoga) က ရလာမယ့် လက်နက်တွေဟာ ဘယ်လို အမျိုးအစားတွေဖြစ်တယ် ဆိုတာကိုတော့ ဖွင့်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရောမမြို့မှာတော့ အီတလီ နိုင်ငံခြားရေး ၀န်ကြီးဌာနက အီတလီအနေနဲ့ သူပုန်တွေကို ကိုယ့်ကိုယ်ကို ခုခံနိုင်ဖို့ လက်နက်ပစ္စည်းတွေသာ ထုတ်ပေးဖို့ သဘောတူခဲ့တာလို့ ဆိုပါတယ်။
ဒီသတင်း ထွက်လာတာဟာ လစ်ဗျားအစိုးရ တပ်တွေက မီစ်ရာတာ (Misrata) မြို့က ရေနံလှောင်ကန်ကြီး ၄ ခုကို ဒုံးကျည်နဲ့ တိုက်ခိုက်အပြီး ဒီမြို့ရဲ့ တခုတည်းသော လောင်စာ အရင်းအမြစ်ကို ဖျက်ဆီးလိုက်အပြီးမှာ ဖြစ်ပါတယ်။
မီစ်ရာတာမြို့ဟာ နိုင်ငံအနောက်ပိုင်းမှာ သူပုန်တွေက ဆက်လက် ထိန်းချုပ်ထားနိုင်တဲ့ နောက်ဆုံးမြို့ကြီး ဖြစ်ပါတယ်။ ဒီမြို့ကြီးကို အစိုးရတပ်တွေက တိုက်ခိုက်နေတာ ၂ လကျော် ရှိသွားပါပြီ။
သောကြာနေ့ကတော့ နိုင်ငံတကာက သူပုန်တပ်ဖွဲ့တွေနဲ့ အရပ်သားတွေအတွက် ဒေါ်လာ သန်းနဲ့ချီပြီး ကူညီဖို့ စီစဉ်ခဲ့တာကို လစ်ဗျားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
လစ်ဗျား ဒု-နိုင်ငံခြားရေးဝန်ကြီး ဟာလစ်ခ် ခါအန် (Khaled Kaim) က လစ်ဗျားနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒီငွေတွေကို ပင်လက်နက်ဒေသထဲမှာ ဓားပြတိုက်ဖို့ သုံးတာ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့တုန်းက ၂၂ နိုင်ငံပါတဲ့ လစ်ဗျားနဲ့ ဆက်သွယ် ဆောင်ရွက်ရေး အဖွဲ့ကြီးက ရန်ပုံငွေ အဖွဲ့တခုကို ထူထောင်ပြီး သူပုန်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရေနံဆီ၊ အစားအစာနဲ့ ဆေးဝါး၊ စစ်ရေးထောက်ပံ့မှုတွေ ပေးဖို့ သဘောတူခဲ့ပါတယ်။