လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli) မြို့တော်ရဲ့ အနောက်ပိုင်း မိုင် ၃၀ ကျော်အကွာက ဗျူဟာကျတဲ့ ဇာဝီယာ (Zawiya) မြို့ကို ထိန်းချုပ်နိုင်အောင်လို့ ခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ကို သစ္စာခံတဲ့ တပ်တွေနဲ့ သူပုန်တွေဟာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆင်နွှဲနေကြပါတယ်။
သူပုန် တိုက်ခိုက်ရေးသမားတွေက သူတို့ မြို့လယ်ခေါင်ကို ဝင်ရောက်နိုင်ပြီလို့ ပြောပြီး လစ်ဗျားအစိုးရကတော့ ဇာဝီယာမြို့ဟာ သူတို့ထိန်းချုပ်မှု အောက်မှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဇာဝီယာမြို့ဟာ ထရီပိုလီမြို့တော်ရဲ့ အနောက်ပိုင်း မိုင် ၃၀ ကျော်အကွာ တူနီးရှားနိုင်ငံ နယ်စပ်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ဇာဝီယာမြို့ကိုသာ သူပုန်တွေ ထိန်းချုပ်နိုင်ရင် ထရီပိုလီမြို့တော်ကို သွားနေတဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။
မစ္စတာ ဂဒါဖီကို ဖြုတ်ချနိုင်ဖို့အတွက် အတိုက်အခံတွေက နေတိုး (NATO) ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ရဲ့ လေကြောင်းက အားဖြည့် တိုက်ခိုက်မှုတွေနဲ့အတူ ဖေဖော်ဝါရီလကစပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။