သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားသူပုန်တွေ မြို့တော်ကို ထိန်းချုပ်လုနီး


လစ်ဗျားသူပုန်တွေ မြို့တော်ကို ထိန်းချုပ်လုနီး
လစ်ဗျားသူပုန်တွေ မြို့တော်ကို ထိန်းချုပ်လုနီး

လစ်ဗျားက ဗိုလ်မှူးကြီး ဂဒါဖီ (Moammar Gadhafi) အုပ်ချုပ်မှုကို အပြီးသတ် ဖယ်ရှားရေးအတွက် မြို့တော် ထရီပိုလီ (Tripoli) ကို အားသွန်ခွန်စိုက် တိုက်ခိုက်နေတဲ့ အတိုက်အခံ တပ်ဖွဲ့တွေက ဒီနေ့ တနင်္လာနေ့မှာ ထရီပိုလီမြို့တွင်းက ဂဒါဖီ တပ်တွေရဲ့ ခုခံတိုက်ခိုက်မှု အနည်းငယ်နဲ့ ကြုံတွေ့နေရပေမဲ့ မြို့တော်ရဲ့ အစိတ်အပိုင်း အများစုကို အတိုက်အခံ တပ်တွေက သိမ်းပိုက်ထားပါတယ်။

အခုအချိန်မှာ ဗိုလ်မှူးကြီး ဂဒါဖီ ဘယ်ကိုရောက်နေသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးဘူးလို့ အတိုက်အခံတွေရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (TNC) ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေလ် (Mustafa Abdel Jalil) က ပြောဆိုလိုက်ပါတယ်။

မစ္စတာ ဂျာလေလ်က ထရီပိုလီမြို့ရဲ့ အချက်အချာ နေရာတွေကို သိမ်းပိုက်ထားတဲ့ အတိုက်အခံ တပ်ဖွဲ့ဝင်တွေကို ချီးကျူးလိုက်ပြီး မိုမာ ဂဒါဖီကို ဖြုတ်ချဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီလို့ ဒီနေ့ အတိုက်အခံတွေ အခြေစိုက်ရာ ဘန်ဂါဇီ (Benghazi) မြို့မှာ ပြောဆိုခဲ့ပါတယ်။

လူထုတွေအနေနဲ့ သည်းခံမှုကို စောင့်ထိန်းကြပြီး လက်လွတ်စပယ် မတော်မတရား မလုပ်ကြဖို့ကိုလည်း လစ်ဗျားလူထုကို သူက တိုက်တွန်းလိုက်ပါတယ်။

ဂဒါဖီ အုပ်ချုပ်စဉ်ကာလက သူနဲ့ သဘောထား ကွဲသူတွေကို သစ္စာဖောက်တွေလို့ စွပ်စွဲပြီး ဥပဒေမဲ့ လုပ်ဆောင်ခဲ့တာတွေကြောင့် လစ်ဗျားနိုင်ငံရဲ့ အရုပ်ဆိုး အကျည်းတန်ခဲ့ရမှုကို သင်ခန်းစာယူပြီး အရာရာကို ဥပဒေအတိုင်း ဖြစ်စေဖို့ လိုတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ မစ်စ် ကက်သရင်း အက်ရှ်တွန် (Ms Catherine Ashton) ကတော့ လစ်ဗျားက မိုမာ ဂဒါဖီ အစိုးရ နောက်ဆုံးအချိန်ကို ရောက်ရှိနေပြီး အချိန်မနှောင်းဘဲ၊ နောက်ထပ် သွေးမြေမကျစေဘဲ ဂဒါဖီ အာဏာကို စွန့်လွှတ်ဖို့ လိုပြီလို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG