လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေကို မြို့တော် ထရီပိုလီ (Tripoli) က နေရာတချို့မှာ တနင်္လာနေ့ နှောင်းပိုင်းအထိ ခုခံ တိုက်ခိုက်နေကြတုန်း ဖြစ်ပါတယ်။ ဂဒါဖီ ကိုယ်တိုင်ကတော့ အဖမ်းမခံရအောင် ရှောင်ပုန်းနေပါတယ်။
ဂဒါဖီ တိုင်းပြည်အတွင်းမှာ ဆက်ရှိနေသေးလား၊ မရှိတော့ဘူးလား ဆိုတာကို သူတို့ အတိအကျ မသိဘူးလို့ အတိုက်အခံ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ အကြီးအကဲ မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေလ် (Mustafa Abdel Jalil) က ပြောပါတယ်။ လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖမ်းမိရင် မျှတစွာ တရားစီရင်မှာဖြစ်ပြီး ဂဒါဖီကို ဖမ်းမိမှသာ စစ်မှန်တဲ့ အောင်ပွဲကို ခံယူမယ်လို့ သူက ပြောပါတယ်။
တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေ အနေနဲ့ မြို့တော် ထရီပိုလီကို အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဂျာလေလ်က ဝန်ခံ ပြောဆိုပါတယ်။ မစ္စတာ ဂဒါဖီ နေထိုင်တဲ့ ဘပ်ဘ် အယ်လ် အဇီဇီယာ (Bab al-Aziziya) နေအိမ်ခြံဝင်းကြီး အပါအဝင် ထရီပိုလီမြို့ရဲ့ ၁၀% ကနေ ၁၅% လောက်ကို ဂဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နေတိုးက လနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒဏ်ကြောင့် ဂဒါဖီ ပိုင်ဆိုင်တဲ့ တင့်ကားအများအပြား ဖျက်ဆီးခံထားရပြီး ဖြစ်ပေမဲ့ တနင်္လာနေ့ အစောပိုင်းမှာ ဂဒါဖီခြံဝင်းအတွင်းက တင့်ကားတွေ ထွက်လာပြီး စတင်ပစ်ခတ်ရာက တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့တာလို့ ဆိုပါတယ်။
ဂဒါဖီရဲ့သား ၇ ယောက်ထဲက ၃ ယောက်ကို ဖမ်းမိထားပြီး ဖြစ်ပေမဲ့လည်း ဂဒါဖီ ကိုယ်တိုင်ကတော့ လွယ်လွယ်နဲ့ အညံ့ခံမှာ မဟုတ်ဘူးလို့ သူနဲ့နီးစပ်တဲ့ အရာရှိတချို့က ပြောပါတယ်။ ဒါပေမဲ့ ဖမ်းမိထားတဲ့ သားတွေထဲက မိုဟာမက် (Mohammed) ဆိုတဲ့ သားကတော့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ တော်လှန်ရေး သူပုန်တပ်ဖွဲ့ အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။