သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားသူပုန်တွေ ဂဒါဖီတပ်ကို ရာဇသံပေး


လစ်ဗျားသူပုန်တွေ ဂဒါဖီတပ်ကို ရာဇသံပေး
လစ်ဗျားသူပုန်တွေ ဂဒါဖီတပ်ကို ရာဇသံပေး

လစ်ဗျားနိုင်ငံမှာ မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇာတိမြို့ ဆာတဲ (Sirte) မှာရှိတဲ့ ဂဒါဖီသစ္စာခံ တပ်ဖွဲ့တွေ ၄ ရက်အတွင်း လက်နက်ချဖို့ လစ်ဗျားနိုင်ငံရဲ့ ယာယီ အာဏာပိုင် အဖွဲ့အစည်းက ကြေညာသွားပါတယ်။

မိုမာ ဂဒါဖီကို ထောက်ခံတဲ့တပ်တွေ စနေနေ့ရောက်လို့မှ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘူး၊ လက်နက်မချဘူးဆိုရင် သူတို့တပ်တွေက စစ်ရေးအရ အရေးယူမှုတွေ စလုပ်မယ်လို့ NTC အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) က အစ်နေ့ နောက်တရက်မှာ ပြောသွားပါတယ်။

ဂဒါဖီကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဂဒါဖီကို ထောက်ခံတဲ့ ဒေသတွေရဲ့ နောက်ဆုံးဒေသကို ထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ ၄ ရက်တာ အပစ်အခတ် ရပ်စဲရေးဟာ ဆာတဲမြို့နဲ့ အဓိက ဆိုင်ပေမဲ့ ဘာနီ ဝါလစ် (Bani Walid) က သစ္စာခံ တပ်ဖွဲ့တွေရဲ့ အမာခံ ဒေသတွေနဲ့ တောင်ပိုင်းက ဆာဘာ (Sabha) မြို့နဲ့လည်း ဆိုင်ပါတယ်။

ဂဒါဖီကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေ ထရီပိုလီ (Tripoli) မြို့တော်ကို အရင်တပတ်မှာ သိမ်းလိုက်ပြီးကတည်းက မစ္စတာ ဂဒါဖီရော၊ သူ့ရဲ့ အရေးအပါဆုံး သားတွေကိုရော ရှာမတွေ့သေးပါဘူး။ သူဟာ နိုင်ငံတောင်ပိုင်းမှာ ပုန်းအောင်းနေတယ်လို့ တချို့က ယုံကြည်ထားပါတယ်။

တနင်္လာနေ့ကတော့ မစ္စတာ ဂဒါဖီရဲ့ မိသားစုဝင် တချို့ဖြစ်တဲ့ ဇနီး၊ သမီးနဲ့ သား ၂ ဦးကို အယ်လ်ဂျီးရီးယားနိုင်ငံက လက်ခံခဲ့ပါတယ်။ မစ္စတာ ဂဒါဖီရဲ့ သမီးဖြစ်တဲ့ အိုင်ဟာ (Aisha) က ဆာဟာရ သဲကန္တာရထဲမှာ အင်္ဂါနေ့က သမီးလေးတဦးကို မွေးဖွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အရာရှိတွေက ပြောပါတယ်။

ဒီလို မစ္စတာ ဂဒါဖီရဲ့ သမီးဖြစ်သူ ကိုယ်ဝန်လွယ်ထားရတဲ့ ကိစ္စကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းအချက်နဲ့ သူတို့ကို လက်ခံခဲ့တာ ဖြစ်တယ်လို့ အယ်လ်ဂျီးရီးယားက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ ဂဒါဖီရဲ့ မိသားစုဟာ ကုလသမဂ္ဂရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတဲ့ အထဲမှာ ပါဝင်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသွားပါတယ်။

အယ်လ်ဂျီးရီးယား နိုင်ငံကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းပြစာ ပေးပို့ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကပဲ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG