သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီလွန် လစ်ဗျားအရေး ကမ္ဘာ့ခေါင်းဆောင်များ ဆွေးနွေး


ဂဒါဖီလွန် လစ်ဗျားအရေး ကမ္ဘာ့ခေါင်းဆောင်များ ဆွေးနွေး
ဂဒါဖီလွန် လစ်ဗျားအရေး ကမ္ဘာ့ခေါင်းဆောင်များ ဆွေးနွေး

လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ (Moammar Gadhafi) ပြုတ်ကျသွားပြီးတဲ့နောက် လစ်ဗျားနိုင်ငံရဲ့ အနာဂတ် အရေးအတွက် ကမ္ဘာတဝန်းက ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံမှာ ဒီကနေ့ ကြာသပတေးနေ့ ဆွေးနွေးကြဖို့ ရှိပါတယ်။ ပဲရစ်မြို့တော်မှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ နိုင်ငံ ၆၀ က တာဝန်ရှိသူတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

လစ်ဗျား အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (NTC) ဟာ ဒီမိုကရေစီ နည်းလမ်းကျပြီး အားလုံးပါဝင်တဲ့ နိုင်ငံတခုအဖြစ် ထူထောင်ဖို့ လုပ်ငန်းစဉ်တွေ စတင်ထားပြီးပြီလို့ ဆွေးနွေးပွဲ မစခင်မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ်မ် ဟိတ်ဂ် (William Hague) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၁၈ လအတွင်း အခြေခံဥပဒေသစ် ရေးဆွဲဖို့နဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လုပ်ငန်းလမ်းစဉ်တခုကို NTC ခေါင်းဆောင် မူစတာဖာ အဘ်ဒယ်လ် ဂျာလီလ် (Mustafa Abdel Jalil) က ချပြလိမ့်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

NTC ကို လစ်ဗျားနိုင်ငံရဲ့ တရားဝင် အာဏာပိုင် အဖွဲ့အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အခုနောက်ဆုံး ရုရှားနိုင်ငံလည်း ပါဝင်လာပါတယ်။

အားလုံးပါဝင်မှုရှိတဲ့ အစိုးရတရပ် ဖွဲ့စည်းမယ်ဆိုပြီး ပေးထားတဲ့ ကတိတွေအတိုင်း NTC က အကောင်အထည် ဖော်တဲ့အချိန်မှာ NTC ကို အာဏာပိုင် အဖွဲ့အဖြစ် အသိအမှတ်ပြုမယ်လို့ အယ်လ်ဂျီးရီးယားကလည်း သီးခြား ပြောထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ ပြင်သစ်သမ္မတ နီကိုလာ ဆာကိုဇီ (Nicolas Sarkozy) တို့ ပူးတွဲစီစဉ်တဲ့ အဲဒီဆွေးနွေးပွဲကို တက်ရောက်မယ့် ခေါင်းဆောင်တွေထဲမှာ မြောက်အတ္တလန္တိတ်စာချုပ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် အန်ဒါးစ် ဖို့ ရပ်စ်မူဆန် (Anders Fogh Rasmussen)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG