သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား လက်နက်ကိုင်တွေ ဂဒါဖီ့ အခိုင်အမာမြို့ တမြို့ကို ထိုးစစ်ဆင်တော့မည်


လစ်ဗျား လက်နက်ကိုင်တွေ ဂဒါဖီ့ အခိုင်အမာမြို့ တမြို့ကို ထိုးစစ်ဆင်တော့မည်
လစ်ဗျား လက်နက်ကိုင်တွေ ဂဒါဖီ့ အခိုင်အမာမြို့ တမြို့ကို ထိုးစစ်ဆင်တော့မည်

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အမာခံနယ်မြေ တခုဖြစ်တဲ့ ဘာနီ ဝါလစ် (Bani Walid) ကို သိမ်းပိုက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ လစ်ဗျား တော်လှန်ရေး သူပုန်တပ်ဖွဲ့က ပြောပါတယ်။ အဲဒီမြို့ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း ဂဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောလိုက်တာပါ။

ဂဒါဖီ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တဲ့ အဲဒီမြို့က အရပ်သားတွေကို လက်စားချေမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး သူတို့ရှိတဲ့ဘက်ကို ကူးပြောင်းလာကြဖို့ လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က စနေနေ့မှာ ပြောပါတယ်။

သူတို့တပ်ဖွဲ့တွေ အနေနဲ့ ကြိုက်တဲ့မြို့ကို ဝင်သိမ်းဖို့ အသင့်အနေအထားမှာ ရှိနေပေမဲ့ သွေးထွက်သံယို ဖြစ်မှာကို မလိုလားဘူးလို့လည်း NTC ခေါင်းဆောင် မူစ်တာဖာ အက်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) က ပြောပါတယ်။

အရင်အစိုးရဟောင်းကသူတွေ လက်နက်ချနိုင်အောင် တပတ်ကြာ အပစ်အခတ် ရပ်စဲရေး သက်တမ်းဟာလည်း ဆက်လက် အကျုံးဝင်ဆဲ ဖြစ်တယ်လို့ ဘန်ဂါဇီ (Bengazi) မြို့မှာ စနေနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဂျာလေးလ်က ပြောပါတယ်။ အခုအချိန်ဟာ ဂဒါဖီရဲ့ ဇာတိမြို့ ဆာ့တ် (Sirte)၊ ဘာနီ ဝါလစ်နဲ့ တခြား မြို့အတော်များများမှာ ရှိနေတဲ့ ဂဒါဖီ သစ္စာခံတပ်တွေ အနေနဲ့ လက်နက်ချဖို့ အခွင့်ကောင်းပဲလို့လည်း သူက ပြောပါတယ်။

ဒီအတောအတွင်း ဂဒါဖီ လက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်အရာရှိတွေကို ဖြုတ်ချပစ်လိုက်ရာက အီရတ်မှာ ကြုံခဲ့တဲ့ မင်းမဲ့စရိုက်မျိုး ဖြစ်လာမယ့်အရေး ထပ်မကြုံရအောင် သတိထား လုပ်ဆောင်ကြဖို့ အီတလီ နိုင်ငံခြားရေးဝန်ကြီး ဖရန်ကို ဖရတ်တီနီ (Franco Frattini) က တနင်္ဂနွေနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

အီရတ်သမ္မတ ဆက်ဒမ် ဟူစိန် (Saddam Hussein) ကို ၂၀၀၃ ခုနှစ်မှာ ရာထူးက ဖြုတ်ချပြီးနောက် အမေရိကန်နဲ့ အီရတ် တာဝန်ရှိသူတွေက အီရတ်စစ်တပ်ကို ဖျက်လိုက်တာကြောင့် အဲဒီ စစ်သားဟောင်းတွေ လမ်းမတွေပေါ် ရောက်သူရောက်၊ သောင်းကျန်းသူတွေနဲ့ ပေါင်းတဲ့သူကပေါင်း ဖြစ်သွားခဲ့ကြပါတယ်။

XS
SM
MD
LG