သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီတပ်တွေ လက်နက်မချသေး


ဂဒါဖီတပ်တွေ လက်နက်မချသေး
ဂဒါဖီတပ်တွေ လက်နက်မချသေး

လစ်ဗျားနိုင်ငံမှာ ခေါင်းဆောင်ဟောင်း မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ကျန်ရှိနေသေးတဲ့ အခိုင်အမာ ခြေကုတ်စခန်း တခုဖြစ်တဲ့ ဘာနီ ဝါလစ် (Bani Walid) မြို့မှာ လက်နက်ချခိုင်းတဲ့ ကိစ္စကို ညှိနှိုင်းတာ မအောင်မြင်ဘူးလို့ မစ္စတာ ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့ကပဲ ပြောသွားပါတယ်။ လက်နက်ချခိုင်းတာ ညှိလို့မရရင် ဆီအာ့တ် (Sirte) မြို့မှာရှိတဲ့ ဂဒါဖီ တပ်တွေကို နောက်တပတ်မှာ တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့လည်း မစ္စတာ ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက ပြောခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် စကော့တ် ဘော့ဘ် (Scott Bobb) ထရီပိုလီ (Tripoli) မြို့တော်ကနေ သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

လစ်ဗျားနိုင်ငံမှာ အသွင်ကူးပြောင်းရေး အဖွဲ့ဘက်က အာဏာပိုင် အများစု ထရီပိုလီမြို့တော်ကို တနင်္ဂနွေနေ့မှာ ရောက်ရှိလာတဲ့အလျောက် ခေါင်းဆောင်ဟောင်း မိုမာ ဂဒါဖီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဒေသတွေက အရပ်သားတွေ သူတို့ဘက်ကို ကူးခဲ့ပါ၊ လက်စားမချေပါဘူးလို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က တိုက်တွန်းခဲ့တာပါ။ ရက်ပိုင်းအတွင်းမှာပဲ သူတို့ရဲ့ ကြားဖြတ်အစိုးရအဖွဲ့ နေရာချပြီးသလောက် ရှိလိမ့်မယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး အန်နဝါ အယ်လ် ဖိုင်တိုရီ (Anwar al-Faitouri) က သတင်းထောက်တွေကို ပြောပါတယ်။

“အုပ်ချုပ်ရေးရုံးက ဝန်ကြီးအများစု ဒီကို ရောက်နေပါပြီ။ ဘန်ဂါဇီ (Benghazi) မြို့မှာ ဝန်ကြီးတချို့တော့ ကျန်ပါသေးတယ်။ ကျနော်တို့ အများစုကတော့ ဒီမှာပါ။ လွှတ်တော်က တချို့လည်း ရောက်နေပါပြီ။ ကျန်တဲ့သူတွေက နောက်တပတ်မှာ လိုက်လာကြပါလိမ့်မယ်။”

လစ်ဗျား အနောက်ခြမ်းဒေသမှာ မစ္စတာ ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက သူ့ကို သစ္စာခံတဲ့ တပ်တွေကို ဒေသတွင်း နေရာအများစုကနေ အရင်တပတ်ကပဲ တိုက်ထုတ်ခဲ့ကြပြီးတဲ့နောက်မှာ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က အဲဒီဒေသမှာ သူတို့ အချုပ်အခြာ အာဏာတည်နိုင်ဖို့ မြန်မြန်ဆန်ဆန်ပဲ လုပ်ဆောင်ခဲ့ကြပါတယ်။ ကျန်နေသေးတဲ့ ဂဒါဖီရဲ့ ဒေသတွေကို သူတို့ သိမ်းနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ပြောနေပေမဲ့ NTC ခေါင်းဆောင်တွေကတော့ သွေးမြေကျ တိုက်ပွဲတွေ မဖြစ်စေချင်လို့ လက်နက်ချဖို့ကိုပဲ ရအောင်ညှိချင်တယ်လို့ ပြောပါတယ်။

မစ္စတာ ဂဒါဖီရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆီအာ့တ်မြို့နဲ့ ထရီပိုလီမြို့တော် တောင်ဘက်မှာ နောက်ထပ် သူ့ရဲ့ မြို့တခုဖြစ်တဲ့ မြို့တော်နဲ့ မိုင် ၉၀ နီးပါး အကွာက ဘာနီ ဝါလစ်မြို့တို့က စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ လက်နက်တပ်ဆင်တဲ့ နေရာတွေကို NATO ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ပစ်ချခဲ့တယ်လို့ လစ်ဗျားပေါ်က လေယာဉ်တွေ ပျံသန်း သွားလာခွင့်မပြု သတ်မှတ်ထားတဲ့ NATO က ပြောပါတယ်။

လစ်ဗျားနိုင်ငံ အလယ်ပိုင်းမှာ စစ်ဆင်ရေးတွေ ဆက်ပြီး ဖြစ်ပွားနေဆဲ ဆိုပေမဲ့ ထရီပိုလီ မြို့တော်မှာတော့ အခြေအနေက ပုံမှန်အနေအထားမျိုး ပြန်ဖြစ်နေပါပြီ။ သီတင်း ၂ ပတ်အတွင်း ပထမဆုံး အကြိမ်အဖြစ် စီးပွားရေး လုပ်ငန်းတွေလည်း ပြန်ဖွင့်နေပါပြီ။ တချိန်က လူအသွားအလာ ကင်းမဲ့ခဲ့တဲ့ လမ်းတွေပေါ်မှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ လူသုံးကုန် ပစ္စည်းတွေ၊ စားသောက်ကုန်တွေလည်း ဈေးကွက်ထဲ ပြန်ရောက်လာပါပြီ။ ဓာတ်ဆီဆိုင်တွေမှာလည်း ဓာတ်ဆီရဖို့ အချိန်ကုန်ခံပြီး တန်းအရှည်ကြီး စီရပေမဲ့ ဓာတ်ဆီကတော့ ဝယ်လို့ရပြီ ဖြစ်ပါတယ်။

အေးမြတဲ့ ညနေခင်း အချိန်တွေမှာဆို ကြွေးကြော်သံတွေ အော်ဟစ်ရင်း လူငယ်တွေ ကားပေါ်ကနေ အလံတွေ တယမ်းယမ်းနဲ့ သွားလာနေကြသလို မိသားစုအလိုက်လည်း မြို့ထဲ ဟိုဟိုဒီဒီ သွားနေကြပြီး အားလုံးက လွတ်လပ်သွားပြီလို့ ပြောနေတဲ့ လစ်ဗျား နိုင်ငံတော်သစ်ကို ချီးမြှောက် ပြောဆိုနေကြပါတယ်။

XS
SM
MD
LG