သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ယာယီအစိုးရတပ်တွေ ဂဒါဖီ နောက်ဆုံး ခြေကုပ်စခန်းကို ဝိုင်း


လစ်ဗျား ယာယီအစိုးရတပ်တွေ ဂဒါဖီ နောက်ဆုံး ခြေကုပ်စခန်းကို ဝိုင်း
လစ်ဗျား ယာယီအစိုးရတပ်တွေ ဂဒါဖီ နောက်ဆုံး ခြေကုပ်စခန်းကို ဝိုင်း

ရာထူးကနေ ဖယ်ရှားတာ ခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ကို သစ္စာ စောင့်သိသူတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့မြို့ကို တိုက်ဖို့အတွက် လစ်ဗျား ယာယီအစိုးရဘက်က တပ်သားတွေကို အားဖြည့်ပြီး စေလွှတ်နေပါတယ်။

ဘာနီ ဝါလစ် (Bani Walid) မြို့က ဂဒါဖီ သစ္စာခံ တပ်သားတွေ အေးအေးဆေးဆေး လက်နက်ချဖို့ ညှိနှိုင်းနေမှုတွေ မအောင်မြင်ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒေသခံ တပ်မှူးတွေက လက်နက်ချဖို့ နောက်ဆုံးအချိန် ကန့်သတ်ချက်တွေကို အချိန်တိုတိုပေးသလို အချိန်ကြာကြာလည်း ပေးခဲ့ပြီး တချို့ ကန့်သတ်ရက် နောက်ဆုံးရက်တွေလည်း ကျော်လွန်နေတာမို့ အခြေအနေ ရှုပ်ထွေးနေပြီး ရှေ့ကို ဘာဆက်ဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။

ထရီပိုလီမြို့တော် အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာမှာရှိတဲ့ ဘာနီ ဝါလစ်မြို့ အပြင်မှာတော့ လစ်ဗျား ယာယီအစိုးရ တပ်သား ထောင်နဲ့ချီပြီး စောင့်ဆိုင်းနေကြတာပါ။ တချိန်တည်းမှာပဲ ထရီပိုလီ (Tripoli) က ဂဒါဖီ လိုလားတဲ့ တပ်တွေနဲ့ ဆန့်ကျင်တဲ့ တပ်တွေရဲ့ ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေလည်း မရေမရာ ဖြစ်နေပါတယ်။

မစ္စတာ ဂဒါဖီနဲ့ သူ့ရဲ့ ပင်မ အကြံပေး အရာရှိတွေဟာ ထရီပိုလီမြို့ထဲမှာ ဒါမှမဟုတ် မြို့ဝန်းကျင်မှာ ရှိနေနိုင်မယ်လို့ အနောက်တိုင်း သတင်းဌာနတွေက ပြောနေမှုတွေဟာလည်း ရက်နဲ့ချီပြီး ကြာလာပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မစ္စတာ ဂဒါဖီရဲ့ လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် မွန်းဆူး ဒါအို (Mansour Dhao) ဟာ လစ်ဗျားတောင်ဘက် အိမ်နီးချင်း နီဂျေး (Niger) နိုင်ငံထဲကို နယ်မြေကျော်ဖြတ်ပြီး ဝင်ရောက်လာတယ်လို့ နီဂျေး အရာရှိတွေက ပြောပါတယ်။

သူဟာ တခြား လစ်ဗျား နိုင်ငံသားတွေနဲ့ အတူလာတာ ဖြစ်ပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော် မပြောပါဘူး။ ဒါပေမဲ့ ပြင်သစ် သတင်းရပ်ကွက်ကတော့ အတူလာသူတွေထဲမှာ မစ္စတာ ဂဒါဖီရဲ့ သားတွေ၊ ဒါမှမဟုတ် သူနဲ့ ဆွေမျိုးတော်စပ်သူတွေ မပါဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG