လစ်ဗျားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ မိုမာ ကဒါဖီနဲ့ အတိုက်အခံ သူပုန်တပ်ဖွဲ့တွေအကြား လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ ပြေလည်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အာဖရိကသမဂ္ဂ ခေါင်းဆောင်တွေ လစ်ဗျားနိုင်ငံကို သွားနေကြပါတယ်။
တောင်အာဖရိကသမ္မတ ဂျေကော့ဘ်ဇူးမား (Jacob Zuma) တနင်္ဂနွေနေ့က လစ်ဗျားနိုင်ငံမြို့တော် ထရစ်ပိုလီကို ရောက်သွားပါတယ်။ နောက်ပိုင်းမှာတော့ မော်ရီတေးနီးယား (Mauritania)၊ မာလီ (Mali) နဲ့ ကွန်ဂို (Congo) နိုင်ငံတွေက ခေါင်းဆောင်တွေလည်း သူနဲ့ လာရောက် ပူးပေါင်းကြမယ်လို့ ဆိုပါတယ်။ ဒီခေါင်းဆောင်တွေဟာ လစ်ဗျားသမ္မတ မိုမာ ကဒါဖီနဲ့ အရင် တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘန်ဂါဇီမှာရှိတဲ့ သူပုန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမှာပါ။
ဒီအတောအတွင်း လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံ သူပုန်တပ်ဖွဲ့တွေအကြား အနည်းဆုံး စစ်မျက်နှာ နှစ်ခုလောက်မှာ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အဲဒီ မြို့အပြင်ဘက်ကို ကဒါဖီတပ်ဖွဲ့တွေက စနေနေ့မှာ အမြှောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် မီးခိုးလုံးတွေ ထောင်တက်လာတာကို တွေ့ရတဲ့အကြောင်းလည်း မျက်မြင် သက်သေတွေက ပြောပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၁၁ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သီးခြား ဖြစ်ပေါ်မှုတခုမှာတော့ ကဒါဖီကိုသစ္စာခံတဲ့တပ်ဖွဲ့တွေက သူပုန်တပ်ဖွဲ့တွေရဲ့ ဟယ်လီကော်ပတာကို အနောက်ပိုင်းက ရေနံ အဓိကထွက်တဲ့ ဘရက်ဂါ (Brega) မြို့မှာ ပစ်ချနိုင်ခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။ မစ္စတာ ကဒါဖီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနောက်ပိုင်း ဒီ ဘရက်ဂါမြို့ဟာ အစိုးရနဲ့ အတိုက်အခံ သူပုန်တပ်ဖွဲ့တွေအကြား အပြန်အလှန် သိမ်းပိုက်နေကြတဲ့မြို့ဖြစ်ပါတယ်။