သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားခေါင်းဆောင်တပ်တွေ အရှေ့ပိုင်းမြို့တွေမှာ ထိုးစစ်ဆင်


လစ်ဗျားခေါင်းဆောင်တပ်တွေ အရှေ့ပိုင်းမြို့တွေမှာ ထိုးစစ်ဆင်
လစ်ဗျားခေါင်းဆောင်တပ်တွေ အရှေ့ပိုင်းမြို့တွေမှာ ထိုးစစ်ဆင်

လစ်ဗျားနိုင်ငံက ရေနံထွက်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) မြို့ အရှေ့ဘက် မြို့စွန်ပိုင်းကို သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) ကို သစ္စာစောင့်တဲ့ တပ်တွေက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဒီကနေ့ စတင်လုပ်နေပါတယ်။

အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ လက်နက်ကိုင် အစိုးရ ဆန့်ကျင်သူတွေအပေါ် ဆက်ပြီး တန်ပြန် တိုက်ခိုက်မှု အတွင်းမှာ ရေနံတင်ပို့တဲ့ ဆိပ်ကမ်းနား တဝိုက်က နေရာတွေအပေါ် တိုက်လေယာဉ်ပေါ်ကနေ တိုက်ခိုက်တာ မြင်ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အခုချိန်ထိတော့ အသေအပျောက် သတင်း မသိရသေးပါဘူး။

အစိုးရကို တော်လှန်နေသူတွေ ထိန်းချုပ်ထားတဲ့ မြို့တွေအပေါ် သမ္မတ ကဒါဖီရဲ့ တပ်တွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ၁ ရက်အကြာမှာ တနင်္လာနေ့ မနက်ပိုင်းထဲက ရပ်စ် လန်နုဖ် မြို့သူမြို့သားတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတဲ့ အထဲမှာ နိုင်ငံခြား သတင်းထောက်တွေလည်း ပါပါတယ်။

ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဘင် ဂျဝပ်ဒ် (Bin Jawwad) မြို့ကနေ ရပ်စ် လန်နုဖ်မြို့ အနောက်ဘက်အထိ လူတွေဟာ ဘေးလွတ်ရာကို ထွက်သွားနေကြတယ်လို့ သတင်းဌာနတွေက ပြောပါတယ်။

လက်နက်ကိုင် အစိုးရ ဆန့်ကျင်သူတွေဟာ အနောက်ဘက်ကို တဖြည်းဖြည်းတိုးပြီး ထရီပိုလီ (Tripoli) မြို့တော်အထိ ဝင်ရောက်ဖို့ ကြိုးစားနေကြတာကို ကာကွယ်ဖို့ သမ္မတရဲ့ တပ်တွေက မြေပြင်ကနေရော ဝေဟင်ကနေပါ တိုက်ခိုက်နေပါတယ်။

လစ်ဗျားနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း ၁,၀၀၀,၀၀၀ လောက်အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးကြဖို့ ကုလသမဂ္ဂက ပန်ကြားနေပါတယ်။

လစ်ဗျားနိုင်ငံထဲက ဒဏ်ရာရနေသူတွေ၊ သေဘေးနဲ့ ရင်ဆိုင်နေရသူတွေကို ကူညီဖို့ လူသားချင်း စာနာမှုဆိုင်ရာ ဆောင်ရွက်နေတဲ့ အဖွဲ့တွေ လစ်ဗျားနိုင်ငံထဲ အရေးပေါ် သွားရောက်နိုင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ ကူညီထောက်ပံ့မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဗယ်လာရီ အေးမို့စ် (Valerie Amos) က ပြောပါတယ်။

XS
SM
MD
LG