သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်ချင်းအပစ်အခတ်ရပ်စဲရေး လစ်ဗျားကြေညာ


ချက်ချင်းအပစ်အခတ်ရပ်စဲရေး လစ်ဗျားကြေညာ
ချက်ချင်းအပစ်အခတ်ရပ်စဲရေး လစ်ဗျားကြေညာ

ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်က ဗိုလ်မှူးကြီး မိုမာကဒါဖီအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး မူဆာကူဆာ (Moussa Koussa) က အပစ်အခတ်ရပ်စဲကြဖို့ အတိုက်အခံတွေကို ကြေညာကမ်းလှမ်းလိုက်တာကြောင့် ဒါဟာ မနေ့က မတ်လ ၁၇ ရက်နေ့က ကန့်ကွက်သူမရှိချမှတ်လိုက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၉၇၃) ကို ကဒါဖီက တုံ့ပြန်အဖြေပေးလိုက်တာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

လစ်ဗျားရဲ့ နယ်နိမိတ် မပြိုကွဲဘဲ ညီညွတ်ရေးကိုလိုလားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လစ်ဗျားအစိုးရက တွေ့ဆုံဆွေးနွေးလိုတယ်လို့လည်း ဝန်ကြီး ကူဆာ က ဆိုပါတယ်။ လစ်ဗျားက လေေကြောင်းရန် ကာကွယ်ရေးဖြန့်ချထားတဲ့စနစ်တွေကို နာရီပိုင်းအတွင်းမှာ ချေမုန်းဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် လစ်ဗျားမှာ တကယ်တမ်း ဘာတွေဖြစ်နေလဲဆိုတာ သိရှိနိုင်ဖို့ အင်အားကြီးနိုင်ငံကြီးတွေ အနေနဲ့ လစ်ဗျားကို အချက်အလက်ရှာဖွေလေ့လာရေး အဖွဲ့တွေ စေလွှတ်ဖို့ကိုလည်း ဝန်ကြီး ကူဆာက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၉၇၃) အရ ကဒါဖီရဲ့ လေတပ်လေယာဉ်တွေ မပျံသန်းနိုင်အောင် လစ်ဗျားကောင်းကင်ကို မပျံသန်းရေးဇုံ သတ်မှတ်မှုနဲ့ နောက်ဆက်တွဲအဖြစ် လစ်ဗျားက အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ သင့်လျော်တဲ့လုပ်ငန်းဆောင်တာ အားလုံး လုပ်ဆောင်ရေးတို့ကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတကာက စစ်ရေးနဲ့ ဝင်ရောက်စွက်ဖက်လုပ်ဆောင်မှုမှာ ပြင်သစ်နဲ့ နော်ဝေနိုင်ငံတို့က ပါဝင်မယ်လို့လည်း အဲဒီနိုင်ငံအစိုးရတွေက ဒီကနေ့ ကြေညာခဲ့ပါတယ်။

မနေ့ကတော့ ကဒါဖီက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၉၇၃) ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ပြောဆိုခဲ့ပြီးတော့ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အရှေ့ခြမ်းက ဘန်ဂါဇီမြို့ကို သူ့ရဲ့တပ်တွေက မကြာခင် ဝင်ရောက်သိမ်းပိုက်တဲ့အခါ လက်နက်မချဘဲနေသူတွေကို ညာတာမှာမဟုတ်ဘူးလို့လည်း ရေဒီယိုကနေ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

လစ်ဗျားမှာ နိုင်ငံတကာက စစ်ရေးနဲ့ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်မှုဟာ နာရီပိုင်းအတွင်း ကျရောက်လာတော့မှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက သံတမန်တွေက ဒီကနေ့ အရိပ်အမွက် ပြောဆိုလိုက်ကြပြီးတဲ့နောက် ကဒါဖီအစိုးရက လစ်ဗျားနိုင်ငံက လေဆိပ်တွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။

ဒီကနေ့ သောကြာနေ့မှာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၁၉၇၃) ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ နေတိုးဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ဆွေးနွေးနေကြစဉ်မှာပဲ ကဒါဖီရဲ့ လေတပ်တိုက်လေယာဉ်တွေက အတိုက်အခံတွေ ထိန်းသိမ်းထားတဲ့ အနောက်ဘက်ခြမ်းက မစ်ရာတာ (Misrata) မြို့ကိုလည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြပါတယ်။

XS
SM
MD
LG