တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ လစ်ဗျား အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်နဲ့ ဒီတပတ်ထဲ တွေ့ဆုံဆွေးနွေးတဲ့အခါ လစ်ဗျား ပဋိပက္ခကို နိုင်ငံရေးအရ အဖြေရှာကြရာမှာ တရုတ်နိုင်ငံက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
လစ်ဗျား အတိုက်အခံ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ အုပ်ချုပ်မှု ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မာမွတ် ဂျီဘရေးလ် (Mahmud Jibril) ဟာ တရုတ် တာဝန်ရှိသူတွေနဲ့ ဒီနေ့နဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာထားပါတယ်။
လစ်ဗျား ပဋိပက္ခနဲ့ သက်ဆိုင်သူတွေ အားလုံးနဲ့ တရုတ်နိုင်ငံက ဆက်ဆံရေး ထိန်းထားလိုတဲ့ ဆန္ဒအတိုင်း လစ်ဗျား အတိုက်အခံ ကိုယ်စားလှယ် မာမွတ် ဂျီဘရေးလ်ကလည်း တသဘောတည်း ရှိတယ်လို့ ပြောဆိုတဲ့အကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လီ (Hong Lei) က ပြောဆိုလိုက်ပါတယ်။
လစ်ဗျား အတိုက်အခံအဖွဲ့ အနေနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အရေးပါတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်အောင် ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ တရုတ်နိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ကြောင်းနဲ့ လစ်ဗျား ပြည်တွင်းစစ် အဆုံးသတ်ရေး တရုတ်နိုင်ငံက စိတ်ဝင်တစား ကြားဝင် ကူညီပေးနေတာ ဖြစ်တယ်လို့ Global Times တရုတ်နိုင်ငံပိုင် သတင်းမှာ ဖော်ပြလိုက်ပါတယ်။
လစ်ဗျားခေါင်းဆောင် ဂဒါဖီ (Moammar Gadhafi) ရဲ့ နိုင်ငံခြားရေးဝန်ကြီး အိုဘိုင်ဒီ (Abdelati al-Obeidi) ဟာလည်း ဒီလဆန်းပိုင်းတုန်းက ဘေဂျင်းကို ၃ ရက်ကြာခရီး လာရောက်ခဲ့ပါသေးတယ်။