လစ်ဗျားနိုင်ငံက ဆိပ်ကမ်းတွေ၊ ရေနံကုမ္ပဏီတွေနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို အစောဆုံး သောကြာနေ့လောက်မှာ ပြန်လည် ရုပ်သိမ်းပေးနိုင်မယ်လို့ EU ဥရောပသမဂ္ဂ သံတမန်တွေက ပြောပါတယ်။
လစ်ဗျားအမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) အနေနဲ့ တိုင်းပြည်အတွင်းက စီးပွားရေး လုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နိုင်ဖို့အတွက် EU အဖွဲ့ဝင် ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ ဗုဒ္ဓဟူးနေ့မှာ မူအားဖြင့် သဘောတူခဲ့ကြတာပါ။ ဒီသဘောတူညီချက်ကို ကြာသပတေးနေ့မှာ အတည်ပြုပြီး နောက်တနေ့ သောကြာနေ့မှာ ပိတ်ဆို့မှုတွေကို စတင် ရုပ်သိမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သံတမန်တွေက ပြောပါတယ်။
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ပုန်းနေတယ်လို့ ယူဆထားတဲ့ သူ့ရဲ့ ဇာတိမြို့ ဆာတဲ (Sirte) ကို တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေက ၀ိုင်းထားတဲ့ တချိန်တည်းမှာပဲ လစ်ဗျားပြည်သူတွေဟာ မွတ်ဆလင် ဥပုသ်လ ရာမာဒန် (Ramadan) ကထွက်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ထရီပိုလီ (Tripoli) မြို့လယ်က ရင်ပြင်မှာ ကျင်းပနေကြပါတယ်။
ထောင်ပေါင်းများစွာသော လစ်ဗျားပြည်သူတွေ အဲဒီရင်ပြင်မှာ ဗုဒ္ဓဟူးနေ့က Eid al-Fatr ပွဲတော် ကျင်းပပြီး ပျော်ရွှင် အော်ဟစ်နေကြတဲ့အချိန် ဂဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေက အိမ်ခေါင်မိုးတွေပေါ်မှာ သေနတ်သမားတွေ ချထားတာ အပါအ၀င် မြို့လုံခြုံရေးကို တိုးမြှင့် ချထားလိုက်ပါတယ်။
ဂဒါဖီနဲ့ သူ့အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေ စနေနေ့မှာ အပြီးသတ် စေ့စပ်ညှိနှိုင်းပြီး လက်နက်မချရင် သူတို့ကို စစ်ရေးအရ စတင် ထိုးစစ်ဆင် တိုက်ခိုက်မယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) အကြီးအကဲ မူစ်တာဖာ အက်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) က အင်္ဂါနေ့မှာ ပြောပါတယ်။
လစ်ဗျားတနိုင်ငံလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ဂဒါဖီကို ထောက်ခံတဲ့ နယ်မြေကို အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ဂဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေက ပြင်ဆင်နေကြတာပါ။
စနေနေ့ နောက်ဆုံးထား လက်နက်ချရမယ်လို့ ဂဒါဖီနဲ့ သူ့အပေါ် သစ္စာခံသူတွေကို သတိပေးချက် ထုတ်ပြန်ထားတာဟာ ဂဒါဖီရဲ့ ဇာတိမြို့ ဆာတဲကို ရည်ညွှန်း ထုတ်ပြန်တာ ဖြစ်ပေမဲ့ တခြား သူ့ကို ထောက်ခံတဲ့ မြို့တွေဖြစ်တဲ့ ဘာနီ ၀ါလစ် (Bani Walid) နဲ့ တောင်ပိုင်းက ဆာဘာ (Sabha) မြို့တို့လည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။