လစ်ဗျားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေလို့ လစ်ဗျားမှာ ရောက်နေတဲ့ နိုင်ငံခြားသား အမြောက်အမြားကို ကယ်ထုတ်ဖို့ ရေကြောင်း၊ ကုန်းကြောင်းနဲ့ လေကြောင်းတွေက ကြိုးစားနေကြပါတယ်။
လစ်ဗျားမှာရှိနေတဲ့ နိုင်ငံခြားသားတွေဟာ လစ်ဗျားက အမြန်ထွက်နိုင်ဖို့ လေယာဉ်တွေ၊ သင်္ဘောတွေပေါ် အလုအယက် တက်နေကြပါတယ်။ တချို့နေရာတွေမှာ လူတွေက ပြည့်ကျပ်နေတာပါ။
တူရကီက သင်္ဘော ၂ စီးနဲ့ လစ်ဗျားရောက် တူရကီနိုင်ငံသား ၃,၀၀၀ ကို မနေ့က လာသယ်သွားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အရှေ့ပိုင်း ဘန်ဂါဇီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး သယ်သွားတာပါ။ ဒါဟာ တူရကီသမိုင်းမှာ သူ့နိုင်ငံသားတွေကို အများဆုံး ကယ်တင်ခဲ့ရတာပဲလို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ငံတကာက လေယာဉ်တွေ လာပြီး သူတို့နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အတင်း ကြိုးစားနေတာကြောင့် ဘန်ဂါဇီမြို့က လေဆိပ်ကိုလည်း ပိတ်ထားတာ ရက်တော်တော်ကြာနေပါပြီ။
တူရကီနိုင်ငံသား ၂၅,၀၀၀ လောက် လစ်ဗျားမှာ ရှိနေတာပါ။ တရုတ်ပြည်ကလည်း လစ်ဗျားရောက် သူ့နိုင်ငံသားတွေကို ကယ်တင်ဖို့ လေကြောင်းရော၊ ရေကြောင်းရော၊ ကုန်းကြောင်းကပါ ကြိုးစားနေပါတယ်။ လစ်ဗျားမှာ တရုတ်နိုင်ငံသား ၃၃,၀၀၀ လောက် ရှိနေတာပါ။ တရုတ်နိုင်ငံသားတွေ ၁၃,၀၀၀ လောက်အထိ ကယ်ထုတ်ပေးမယ်လို့ ဂရိအစိုးရက ပြောတဲ့အကြောင်း ဂရိသတင်းတွေမှာ ဖော်ပြပါတယ်။