လစ်ဗျားနိုင်ငံမှာ မိုမာဂဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေရဲ့ နောက်ဆုံးကျန်နေတဲ့ ခြေကုပ်စခန်းတွေထဲက တခုကို နေတိုးတပ်ဖွဲ့ရဲ့ နောက်ခံပံ့ပိုးမှုတွေနဲ့ လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရတပ်ဖွဲ့တွေက တိုက်ခိုက်နေကြပါပြီ။ ဘနီဝါလစ်ဆိုတဲ့ သဲကန္တာရမြို့ကို အသွင်ကူးပြောင်းရေး တပ်ဖွဲ့တွေက သောကြာနေ့ကတည်းက စတင် ၀င်ရောက်တိုက်ခိုက်နေတာ မနေ့တုန်းကတော့ ဂဒါဖီသစ္စာခံတပ်တွေဘက်က အပြင်းအထန် ပြန်ခုခံခဲ့ကြပါတယ်။
နေတိုးတပ်ဖွဲ့တွေဘက်က လေကြောင်းကနေ ဂျက်လေယာဉ်တွေနဲ့ ကူညီ တိုက်ခိုက်ပေးနေပြီး အသွင်ကူးပြောင်းရေး တပ်ဖွဲ့တွေဘက်ကလည်း အိမ်တွေ တအိမ်ပြီးတအိမ် ၀င်ရောက် စီးနင်းပြီး ကဒါဖီသစ္စာခံ လက်ဖြောင့် သေနတ်သမားတွေကို ရှာဖွေခဲ့ကြပါတယ်။ တိုက်ပွဲတွေ ဆက်ပြီး ရှိနေသေးတယ်ဆိုပေမဲ့လည်း သူတို့တွေ အောင်ပွဲနဲ့ နီးလာနေပြီလို့ အသွင်ကူးပြောင်းရေး တပ်ဖွဲ့တွေက ပြောနေပါတယ်။
အဲဒီ ဘနီဝါလစ် မြို့နားမှာရောက်နေတဲ့ ဗွီအိုအေသတင်းထောက် အဲလီးဇဘက် အားရော့တ် (Elizabeth Arrott) ပြောပြတာက သူမြင်နေရတဲ့နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အသံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။ အသွင်ကူးပြောင်းရေးကောင်စီ NTC ဘက်က ပြောတာကတော့ သောကြာနေ့တုန်းက အဲဒီမြို့အပြင်ဘက်မှာ ဂဒါဖီ သစ္စာခံတွေဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း အသွင်ကူးပြောင်းရေး တပ်တွေ အဲဒီ ဘနီဝါလစ်မြို့ကို ၀င်တိုက်ခဲ့ကြတာပဲလို့ ဆိုပါတယ်။
မနေ့က စနေနေ့ကို နောက်ဆုံးထားပြီး လက်နက်ချဖို့ အသွင်ကူးပြောင်းရေး ကောင်စီကနေ ဂဒါဖီရဲ့တပ်ဖွဲ့တွေကို ရာဇသံပေးထားတာပါ။ ဂဒါဖီရဲ့ဇာတိမြို့ အပါအ၀င် တခြား မြို့တော်တော်များများမှာ မနေ့တုန်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ်လို့ အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားက ပြောပါတယ်။