သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး ရာထူးက နှုတ်ထွက်


လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး မူဆာ ကူဆာ။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး မူဆာ ကူဆာ (Moussa Koussa) ဟာ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရအဖွဲ့ထဲကနေ နှုတ်ထွက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာတယ်လို့ ဗြိတိန်နိုင်ငံက ပြောပါတယ်။

သူဟာ တူနီးရှားနိုင်ငံကနေတဆင့် လာရောက်ခဲ့တာဖြစ်ပြီး သူ့ဆန္ဒနဲ့သူ ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ကဒါဖီရဲ့ အနားမှာရှိတဲ့ တခြား တာဝန်ရှိသူတွေ အနေနဲ့လည်း အနာဂတ် လစ်ဗျားနိုင်ငံ ကောင်းစားရေးကို ရှေ့ရှုပြီး သူ့ကိုစွန့်ခွာ ထွက်သွားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ တပ်တွေရဲ့ အကူအညီနဲ့ အတိုက်အခံတွေ ပြန်သိမ်းထားတဲ့ အဓိက ကမ်းခြေမြို့တွေကိုမစ္စတာ ကဒါဖီရဲ့ သစ္စာခံတပ်တွေကဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။

မဟာဗျူဟာကျတဲ့ ရေနံဆိပ်ကမ်းမြို့တွေ ဖြစ်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) နဲ့ ဘရီဂါ (Brega) မြို့တွေမှာ အတိုက်အခံတွေ အပြင်းအထန် ပြန်လည်ခုခံနေရပြီး အက်ဂ်ျဒါဘီယာ (Ajdabiya) မြို့ရှိရာကို ပြန်ဆုတ်နေရချိန်မှာ ဒေသခံတွေကတော့ အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့ ဘန်ဂါဇီ (Benghazi) ကို ပြန်ထွက်ပြေးနေကြပါတယ်။

ကဒါဖီတပ်တွေက ဘရီဂါမြို့ကို အပြင်းအထန် ပစ်ခတ်နေပါတယ်။ မဟာမိတ်တပ်တွေဟာ ကဒါဖီ သစ္စာခံတပ်တွေကို ဗုဒ္ဓဟူးနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ပစ်မှတ်လွဲနေခဲ့တယ်လို့ အမေရိကန်စစ်တပ် ပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG