သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားသူပုန် အီတလီ ပြင်သစ် ကူမည်


လစ်ဗျားသူပုန် အီတလီ ပြင်သစ် ကူမည်
လစ်ဗျားသူပုန် အီတလီ ပြင်သစ် ကူမည်

လစ်ဗျားအစိုးရကို ပုန်ကန် တိုက်ခိုက်နေသူတွေကို စစ်ဘက်ဆိုင်ရာ အကြံပေးကူညီသွားဖို့ ဗြိတိန်နိုင်ငံရဲ့ အစီအစဉ်မှာ နောက်ထပ် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နှစ်နိုင်ငံလည်း ပူးပေါင်း ပါဝင်လာပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ သူပုန်တွေကို လေ့ကျင့်မှုတွေမှာ ကူညီဖို့ သင်တန်းဆရာ ၁၀ ယောက် စေလွှတ်မယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီး Ignazio La Russa က ပြောဆိုလိုက်တာပါ။

ဒီကနေ့ အစောပိုင်းမှာလည်း လစ်ဗျားသူပုန်တွေအတွက် စစ်ဘက်ဆိုင်ရာ အကြံပေးတွေ စေလွှတ်မယ့် အကြောင်း ပြင်သစ်နိုင်ငံက ကြေညာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ် သမ္မတ နစ်ကိုလတ် ဆာကိုဇီ ဟာ လစ်ဗျားသူပုန်တွေရဲ့ အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲ Mustafa Abdel Jalil နဲ့ ပဲရစ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အစိုးရဆန့်ကျင်သူတွေ ထိန်းချုပ်ထားရာ အမာခံမြို့ဖြစ်တဲ့ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီ (Benghazi) မြို့ကို သမ္မတ ဆာကိုဇီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်းလည်း တွေ့ဆုံမှုအပြီးမှာ လစ်ဗျား အတိုက်အခံ ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

လစ်ဗျားသူပုန်တွေ စနစ်တကျဖြစ်ဖို့နဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ၊ ဆက်သွယ်မှုတွေ တိုးတက်စေဖို့ ဆောင်ရွက်ရာမှာ အကူအညီပေးသွားဖို့ ဗြိတိသျှစစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တဒါဇင်လောက်ကို လစ်ဗျားနိုင်ငံ စေလွှတ်မယ့်အကြောင်း မနေ့တုန်းကပဲ ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ် (William Hague) က ပြောဆိုခဲ့ပါတယ်။ အကြံပေးပုဂ္ဂိုလ်တွေ အနေနဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်မှာတော့ မဟုတ်ဘူး လို့လည်း ပြောပါတယ်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ဘက် အကြံပေးတွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ထိခိုက်နိုင်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG