သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီတပ်တွေကို တိုက်ခိုက်ရေး နေတိုးအဖွဲ့ အကူအညီ ထပ်တိုးမည်


ကဒါဖီတပ်တွေကို တိုက်ခိုက်ရေး နေတိုးအဖွဲ့ အကူအညီ ထပ်တိုးမည်

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ နေတိုး ညွှန့်ပေါင်းမဟာမိတ်တွေက လေယာဉ်တွေကို ပိုပြီးထောက်ပံ့ သွားလိမ့်မယ်လို့ နေတိုးအဖွဲ့က မျှော်လင့်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ပိုပြီးတိုးမြင့်လုပ်ဆောင် သွားလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

မနေ့တုန်းက ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ နေတိုးအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲတခု လုပ်ခဲ့ကြပြီး အဲဒီမှာနေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး Anders Fogh Rasmussen က သတင်းထောက်တွေကို ပြောခဲ့တာက အကူအညီတွေဟာ သိပ်မကြာခင်မှာပဲ ရောက်လာတော့မယ်လို့ ဆိုပါတယ်။

လစ်ဗျားက မြေပြင်ပစ်မှတ်တွေကို တိုးမြင့်ပြီး တိုက်ခိုက်ဖို့ လေယာဉ်တွေ ပိုရနိုင်ရေး ဗြိတိန်နဲ့ပြင်သစ်တို့က မဟာမိတ်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

ရုရှားကတော့ နေတိုးရဲ့ လုပ်ဆောင်မှုတွေက လစ်ဗျား အရပ်သူအရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆိုတာထက် လွန်နေပြီလို့ မနေ့တုန်းက သတိပေးပါတယ်။ နေတိုးတပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေဟာ လက်ခံနိုင်တဲ့ အဆင့်ထက် လွန်နေပြီ ဆိုပြီးလည်း ရုရှားက ကန့်ကွက်ပါတယ်။

နေတိုးရဲ့တိုက်ခိုက်မှုဟာ မြို့တော် ထရီပိုလီရဲ့ အရှေ့ပိုင်းက အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကို ထိခိုက်ခဲ့တယ်လို့ မနေ့ကထုတ်လွှင့်တဲ့ လစ်ဗျားအစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ အနောက်နိုင်ငံက သတင်းတွေမှာတော့ လစ်ဗျားအစိုးရတပ်တွေက မစ္စရာတာမြို့ ထဲကို ဒုံးကျည်အလုံးပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ နေတိုးညွန့်ပေါင်းအဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကတော့ လစ်ဗျားမှာ မိုမာကဒါဖီ အာဏာက ဆင်းပေးရတဲ့အထိ စစ်ရေးတိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်သွားမယ်လို့ မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဘရက် အိုဘားမားကလည်း လစ်ဗျားခေါင်းဆောင် ကဒါဖီ အာဏာက စွန့်ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မနေ့ကပြောပါတယ်။

XS
SM
MD
LG