လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အနေနဲ့ သူ့ကို ဖြုတ်ချလို့ မရကြောင်း၊ သူဟာ အာဇာနည်တယောက် အနေနဲ့ လစ်ဗျားနိုင်ငံမှာပဲ ခေါင်းချမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
ကဒါဖီက လစ်ဗျားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အင်္ဂါနေ့က တနာရီကျော်ကြာ မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ လစ်ဗျားနိုင်ငံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကဒါဖီ ပထမဆုံးအကြိမ် မိန့်ခွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သူဟာ တော်လှန်ရေးသမားတယောက် ဖြစ်ပြီး သူ့ကို ထောက်ခံသူတွေ အနေနဲ့ နိုင်ငံကို ဆူပူအောင်၊ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်နေကြတဲ့ လူဆိုးဂိုဏ်းတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်က ကာကွယ်ကြရာမှာ ကူညီကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
၁၉၈၀ ပြည့်နှစ်တွေအတွင်း အမေရိကန်နဲ့ ဗြိတိန်တို့က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပျက်စီးနေတဲ့ အိမ်တအိမ်ကနေ ကဒါဖီက မိန့်ခွန်းပြောဆိုလိုက်တာပါ။
ထရီပိုလီမြို့လယ်မှာ တနင်္လာနေ့က ဆန္ဒပြသူတွေကို ဘယ်သူ ဘယ်ဝါရယ်လို့ မခွဲခြားဘဲ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေပေါ်ကနေ ပစ်ခတ်ခဲ့သလို ကြေးစား အာဖရိက သေနတ်သမားတွေနဲ့ ကဒါဖီ ထောက်ခံသူတွေကလည်း အရပ်သားတွေကို ပစ်ခတ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့စကပြီး ထရီပိုလီမြို့မှာ ၆၂ ယောက်ထက်မနည်း သေဆုံးပြီး လစ်ဗျားနိုင်ငံတ၀န်း ၂၃၃ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေက ကနဦး မှတ်တမ်းတင်ထားပါတယ်။
လစ်ဗျားနိုင်ငံက စစ်တပ် အရာရှိကြီးတွေ၊ သံတမန်ကြီးတွေ၊ ၀န်ကြီးတွေ အပါအ၀င် အဆင့်မြင့် တာဝန်ရှိသူတွေဟာ ကဒါဖီ အစိုးရအဖွဲ့က နှုတ်ထွက်လိုက်ပြီး ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ကြေညာလိုက်ကြပါတယ်။
အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံက လစ်ဗျား သံအမတ်ကြီးတွေလည်း နှုတ်ထွက်လိုက်ပါတယ်။ တရုတ်နိုင်ငံက လစ်ဗျား အကြီးတန်း သံတမန်တဦး နှုတ်ထွက်လိုက်ပါတယ်။ မလေးရှားနဲ့ သြစတြေးလျနိုင်ငံက လစ်ဗျားသံရုံးတွေကလည်း သူတို့ ကဒါဖီကို ကိုယ်စားမပြုဘူးလို့ ကြေညာကြပါတယ်။
အမေရိကန် ပြည်ထောင်စုဆိုင်ရာ လစ်ဗျား သံအမတ်ကြီး အလီ အော်ဂျာလီ (Ali Aujali) ကလည်း ကဒါဖီကို နှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လစ်ဗျား တရားရေးဝန်ကြီး မူစတာဖာ အက်ဘ်ဒဲလ်-ဂျာလေးလ် (Mustafa Abdel-Jalil) ကလည်း ဆန္ဒပြသူတွေကို နှိပ်ကွပ်နေတာကြောင့် မတရားဘူးဆိုပြီး နှုတ်ထွက်သွားပါတယ်။
ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ညွှန်ကြားလိုက်တဲ့ လစ်ဗျားလေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်းလည်း အခု မော်လ်တာနိုင်ငံမှာ ခိုလှုံနေကြပါတယ်။