သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ အာဏာစွန့်လွှတ်တော့မည်လော


ဂဒါဖီ အာဏာစွန့်လွှတ်တော့မည်လော

လစ်ဗျားခေါင်းဆောင်ဟာ အာဏာစွန့်လွှတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုကြတဲ့ ဂဒါဖီ (Moammar Gadhafi) ရဲ့ ကိုယ်စားလှယ်တွေနဲ့ နေတိုးအဖွဲ့ဝင်တွေ အဆက်အသွယ် ရရှိခဲ့တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီတွေ့ဆုံမှုဟာ အပြည့်အ၀ ညှိနှိုင်းမှု တခုတော့ မဟုတ်သေးကြောင်း ၀န်ကြီး အလဲန် ယူပေး (Alain Juppe) က ဆိုပါတယ်။

ဒါပေမဲ့ ဂဒါဖီရဲ့ ကိုယ်စားလှယ်တွေ ပြောကြားချက် အပြည့်အစုံမှာ မစ္စတာ ဂဒါဖီဟာ သွားဖို့ ပြင်ဆင်နေပြီ၊ ဒီအကြောင်းကို ဆွေးနွေးကြရအောင်လို့ ဆိုပါတယ်။ လစ်ဗျားအစိုးရဟာ အခုအခါမှာ တူရကီ၊ နယူးယောက်၊ ပဲရစ်စ် စတဲ့ နေရာအနှံ့အပြားကို ကိုယ်စားလှယ်တွေ စေလွှတ်နေတယ်လို့လည်း မစ္စတာ ယူပေးက ပြောပါတယ်။

ကိုယ်စားလှယ်များရဲ့ ပြောကြားချက် ခိုင်လုံစိတ်ချရမှုနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုချိန်ထိတော့ မစ္စတာ ဂဒါဖီဟာ အာဏာကို စွန့်လွှတ်ဖို့ ငြင်းဆန်နေခဲ့တာဖြစ်ပြီး သူ့အစိုးရဆီက ယခင် ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး စကားတွေလည်း လုံးဝ ခရီးမရောက်ခဲ့ပါဘူး။

တခါ လစ်ဗျားဝန်ကြီးချုပ် ဘက္ကဒါဒီ အယ်လ် မာမူဒီ (Baghdadi al-Mahmudi) ကလည်း သူ့ရဲ့အစိုးရဟာ ပြင်သစ်နဲ့ လစ်ဗျားသူပုန်တို့နဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြင်သစ်သတင်းစာ လပ်ဖ် ဖီ ဂါရိုကို ပြောကြားခဲ့ပါတယ်။

ဒီလို ဆွေးနွေးရာမှာ လစ်ဗျားဝန်ကြီးချုပ်က ခေါင်းဆောင်ကြီးလို့ ခေါ်တဲ့ မစ္စတာ ဂဒါဖီလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

သူပုန်တို့ရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ မစ္စတာ ဂဒါဖီနဲ့ သူ့သားတွေ အာဏာစွန့်လွှတ်မှု အပါအ၀င် အရေးကြီးတဲ့ ကနဦး ဆောင်ရွက်ချက်တွေ ပြုလုပ်လာမှ ဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို တုံ့ပြန်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG