သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ ဖမ်းနိုင်သူ ဆုငွေရမည်


ဂဒါဖီ ဖမ်းနိုင်သူ ဆုငွေရမည်
ဂဒါဖီ ဖမ်းနိုင်သူ ဆုငွေရမည်

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ကို ဖမ်းဆီးနိုင်ရင် အမေရိကန်ဒေါ်လာ ၁,၆၇၀,၀၀၀ ပေးမယ်လို့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေက ဆုငွေထုတ်လိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် ဆောင်ရွက်တဲ့ အနေနဲ့ ဒေသခံ စီးပွားရေးသမားတွေက ဆုငွေပေးမယ့် ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အကြောင်း အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ အဖွဲ့ရဲ့ ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေလ် (Mustafa Abdel Jalil) က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

အစိုးရကို သစ္စာခံတပ် တချို့က ဗုဒ္ဓဟူးနေ့မှာ မြို့တော် ထရီပိုလီ (Tripoli) နဲ့ တခြားဒေသတွေမှာ ဆက်လက် ခုခံနေဆဲ ဖြစ်တဲ့အတွက် တိုက်ပွဲတွေလည်း အပြင်းအထန် ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံရဲ့ ၉၀% အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်း အတိုက်အခံတွေက ပြောဆိုခဲ့ပေမဲ့ လစ်ဗျား ခေါင်းဆောင်ဟောင်း ဘယ်မှာရှိတယ် ဆိုတာကိုတော့ မသိကြပါဘူး။ အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ သူဟာ လစ်ဗျားနိုင်ငံထဲမှာပဲ ရှိနေဆဲ ဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ အကြီးအကဲကတော့ ဂဒါဖီကို the Hague မြို့က နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ မဟုတ်ဘဲ တိုင်းပြည်တွင်းမှာသာ တရားရုံးတင် အရေးယူဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ဒီအတောအတွင်း လစ်ဗျားနိုင်ငံက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာသန်းပေါင်း ၁,၅၀၀ ကို ပြန်လည်ပေးအပ်ဖို့တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ချမှတ်နိုင်ဖို့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က ကြိုးစားခဲ့ပါတယ်။

ကုလသမဂ္ဂက ဆုံးဖြတ်ချက် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေအရ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး လုံခြုံရေးကောင်စီထဲက မဟာမိတ်နိုင်ငံတွေနဲ့ ဝိုင်းဝန်း ကြိုးပမ်းနေကြောင်းလည်း ပြင်သစ်နိုင်ငံက ပြောဆိုခဲ့သလို လစ်ဗျားကို ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ဗြိတိန်နိုင်ငံကလည်း ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံက အတိုက်အခံတွေနဲ့ ဆက်ဆံရေးတွေ လုပ်ဆောင်သွားဖို့ စဉ်းစားနေတဲ့အကြောင်း ပြောဆိုနေချိန်မှာ တရုတ်နိုင်ငံကတော့ လစ်ဗျားနိုင်ငံမှာ ပဋိပက္ခတွေနောက်ပိုင်း ဥပဒေစိုးမိုးမှုရှိအောင် ကုလသမဂ္ဂက ဦးဆောင်မှု ပေးသွားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG