သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီးယား နယ်စပ်မှာ ဂဒါဖီ ပုန်းအောင်းနေ


အယ်လ်ဂျီးရီးယား နယ်စပ်မှာ ဂဒါဖီ ပုန်းအောင်းနေ
အယ်လ်ဂျီးရီးယား နယ်စပ်မှာ ဂဒါဖီ ပုန်းအောင်းနေ

လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ဟာ နိုင်ငံရဲ့ အနောက်ပိုင်း အယ်လ်ဂျီးရီးယားနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ဂါဒါမစ်စ် (Ghadamis) မြို့မှာ ပုန်းအောင်း နေနိုင်ဖွယ် ရှိတယ်လို့ လစ်ဗျား ယာယီအုပ်ချုပ်ရေးအဖွဲ့ရဲ့ တပ်ဖွဲ့က ယုံကြည်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ ဂဒါဖီကို တော်ရက်ဂ်စ် (Tuaregs) တိုင်းရင်းသား လူမျိုးစုတွေက အကာအကွယ် ပေးထားတယ်လို့ ယုံကြည်ရကြောင်းလည်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

တချိန်တုန်းက နိုင်ငံမြောက်ပိုင်း နိုင်ဂျာမှာ လှုပ်ရှားတဲ့ တော်ရက်ဂ်စ် သူပုန်တွေကို ဂဒါဖီက ထောက်ခံမှု ပေးခဲ့ဖူးပါတယ်။ နောက်ပြီး ရာနဲ့ချီတဲ့ တော်ရက်ဂ်စ် သူပုန်ဟောင်းတွေဟာ ဂဒါဖီအတွက် တိုက်ခိုက်ပေးနေကြတာလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (NTC) က ထရီပိုလီ (Tripoli) မြို့တော် အရှေ့တောင်ပိုင်းမှာရှိတဲ့ ဘန်နီ ဝါလစ် (Bani Walid) မြို့မှာ ပုန်းခိုနေတယ်လို့ ပြောခဲ့သလို တချို့သတင်းတွေကလည်း နိုင်ငံတောင်ပိုင်းမှာ ပုန်းခိုနေတယ်ဆိုပြီး ပြောဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ ထရီပိုလီမြို့ကို သိမ်းပိုက်လိုက်ချိန် ကတည်းက သူ့ကို မတွေ့ကြရတော့တာ ဖြစ်ပါတယ်။

NTC တပ်ဖွဲ့တွေက ဂဒါဖီရဲ့ ဇာတိမြို့ ဆာ့တ် (Sirte) ကို ဝိုင်းဝန်းပြီး အပြင်းအထန် တိုက်ခိုက်နေရာမှာ ဂဒါဖီကို သစ္စာခံသူတွေရဲ့ လက်ကျန် ခြေကုတ်စခန်းတွေထဲက တခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

NTC တပ်ဖွဲ့တွေက မြို့ရဲ့ ဆိပ်ကမ်းကို သိမ်းပိုက်နိုင်လိုက်ပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ ဂဒါဖီအပေါ် သစ္စာခံသူတွေဟာ မြို့ရဲ့ နေရာ တော်တော်များများကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဆာ့တ်နဲ့ ဘန်နီဝါလစ်မြို့မှာ နေထိုင်သူ ပြည်သူ ၂၀၀,၀၀၀ လောက်ဟာ ဂဒါဖီ ထောက်ခံတဲ့ တပ်ဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG