သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီကို နိုင်ငံတကာ တရားရုံး ဖမ်းဝရမ်းထုတ်


ဂဒါဖီကို နိုင်ငံတကာ တရားရုံး ဖမ်းဝရမ်းထုတ်

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မွမ်မာ ဂဒါဖီ (Moammar Gadhafi)၊ သူ့ရဲ့သား ဆာအိဖ် အယ်လ် အစ္စလမ် (Saif al-Islam) နဲ့ ထောက်လှမ်းရေးမှူးချုပ် အဗ္ဗဒူလာ အယ်လ် ဆွန်နုဆီ (Abdullah al-Senussi) တို့ကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) ကနေ ဒီကနေ့ ဖမ်းဝရမ်းတွေ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ၀ရမ်းတွေထုတ်ဖို့ ICC က ဥပဒေအကျိုးဆောင် အရာရှိ လူးဝစ်စ် မိုရယ်နို အိုကမ်ပို (Luis Moreno-Ocampo) ကို ညွှန်ကြားထားခဲ့ပြီးတော့ ပြီးခဲ့တဲ့ လစ်ဗျားက ဆန္ဒပြပွဲတွေအတွင်း သောကြာနေ့တွေမှာ ဗလီတွေမှာ ၀တ်ပြုပြီး ပြန်ထွက်လာသူ သာမန် ပြည်သူလူထုတွေကို လက်ဖြောင့် သေနတ်သမားတွေနဲ့ ပစ်ဖို့ အမိန့်ပေးခဲ့တာတွေ အပါအ၀င် အပြစ်မဲ့သူ များစွာကို တိုက်ခိုက်သတ်ဖြတ်တဲ့ ပြစ်မှုတွေကို ဗိုလ်မှူးကြီး ဂဒါဖီနဲ့ သူ့အစိုးရက ကျူးလွန်ခဲ့ကြတယ်လို့ ဥပဒေအကျိုးဆောင် အရာရှိ အိုကမ်ပိုက ဆိုပါတယ်။

ဗိုလ်မှူးကြီး ဂဒါဖီနဲ့ သူ့ရဲ့သား အစ္စလမ်တို့ဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ သတ်ဖြတ်မှုတွေအတွက် ပြစ်မှုမြောက် တာဝန်ရှိတာကို ယုံကြည်လောက်တဲ့ အထောက်အထား အခိုင်အမာ ရှိနေတယ်လို့လည်း မစ္စတာ အိုကမ်ပိုက ဆိုပါတယ်။

ဒီကနေ့ ထရီပိုလီ (Tripoli) မြို့တော်က ဗိုလ်မှူးကြီး မွမ်မာ ဂဒါဖီရဲ့ ဘက်ဘ် အယ်လ် အဇီဇီယာ (Bab al-Aziziya) နေအိမ်ခြံဝင်းကြီးနားမှာ ပေါက်ကွဲသံ ၂ ကြိမ် ကြားခဲ့ရပြီးတော့ မီးခိုးလုံးတွေလည်း တွေ့နေရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။

လောလောဆယ်မှာလည်း လစ်ဗျားရဲ့ အနောက်ဘက် နာဖူဆာ (Nafusa) တောင်တန်းတွေပေါ်က အတိုက်အခံ တပ်ဖွဲ့တွေဟာ ထရီပိုလီ မြို့တော်ရဲ့ အနောက်တောင်ဘက်က မဟာဗျူဟာ အချက်အချာကျတဲ့ ဘဲ အယ်လ် ဂါနမ် (Bair al-Ghanam) မြို့အပြင်ဘက်အထိ ရောက်ရှိလာကြပြီး ဂဒါဖီတပ်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ အတိုက်အခံ တပ်ဖွဲ့တွေဘက်က ကြေညာထားပါတယ်။ ဘဲ အယ်လ် ဂါနမ်မြို့ဟာ ထရီပိုလီမြို့တော်ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ အကွာမှာ ရှိပါတယ်။

XS
SM
MD
LG