နိုင်ငံရပ်ခြား တိုင်းပြည်တွေနဲ့ စစ်ရေး မဟာမိတ်တွေဟာ လစ်ဗျားနိုင်ငံ အရေးအခင်းနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ရမယ် ဆိုတာတွေကို အခုထိ ဆက်ပြီး ငြင်းခုန်ဆွေးနွေး နေကြတုန်း ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ နေတိုး မဟာမိတ်နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မှာ တွေ့ဆုံဆွေးနွေးတဲ့အခါ လစ်ဗျားအရေးနဲ့ ဒေသတွင်း အခြေအနေတွေကို အဓိကထား ဆွေးနွေးကြမယ်လို့ နေတိုး အကြီးအကဲ အန်းဒါးစ် ဖို့ချ် ရပ်စ်မူဆန် (Anders Fogh Rasmussen) က ပြောပါတယ်။
ဒီအစည်းအဝေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပေးဖို့နဲ့ အရေးပေါ် စစ်ရေးတုံ့ပြန်မှုတွေ လုပ်ဖို့ လိုအပ်လာနိုင်တဲ့ အခြေအနေတွေအတွက် ပြင်ဆင်ဖို့ တက်ရောက်လာမယ့် နေတိုးနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ မစ္စတာဂိတ်စ် ဆွေးနွေးမှာ ဖြစ်တယ်လို့ အမေရိကန် အကြီးတန်း အရာရှိတဦးက ပြောပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကတော့ လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး အရေးယူ ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက် မူကြမ်းအတွက် ပြင်ဆင်နေကြပါတယ်။
လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကတော့ သူ့နိုင်ငံအတွက် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပြစ်ဒဏ် မချဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ တကယ်လို့ ဒီလို ဇုန်သတ်မှတ် ပြစ်ဒဏ်ချရင် လစ်ဗျားနိုင်ငံက အနောက်နိုင်ငံတွေကို လက်နက်နဲ့ ပြန်ပြီး တိုက်ခိုက်မယ်လို့ မစ္စတာ ကဒါဖီက ဗုဒ္ဓဟူးနေ့ တူရကီအစိုးရ ရုပ်သံရဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ ထိပ်တန်း အကြံပေးတွေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး လစ်ဗျားအရေးကို ဆွေးနွေးခဲ့ပါတယ်။
အီတလီနိုင်ငံကတော့ တချိန်က သူ့ရဲ့ လက်အောက်ခံနိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ဖူးတဲ့ လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တွေက ဆုံးဖြတ်ချက် တစုံတရာ ချမှတ်မယ်ဆိုရင် သူလည်း အဓိကတဦးအဖြစ် ပါဝင်ချင်တယ်လို့ ဆိုပါတယ်။