သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအရေး လုံခြုံရေးကောင်စီ အရေးပေါ် ဆွေးနွေးမည်


UNSC
UNSC

အီဂျစ်လူမျိုး Coptic ခရစ္စယာန်ဘာသာဝင် ၂၁ ဦးကို လစ်ဗျားနိုင်ငံအတွင်း သတ်ဖြတ်ထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် လစ်ဗျားနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် စည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

အီဂျစ်ခရစ္စယာန်တွေကို အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ ဘာသာရေးအပေါ် အခြေခံတဲ့ ယုတ်မာ ရက်စက်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Zeid Ra’ad al-Hussein က အင်္ဂါနေ့မှာ ပြောပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ယုံကြည်မှု ကွဲပြားမှုတွေကြောင့် တိုက်ခိုက်နေတဲ့ အစွန်းရောက် လုပ်ရပ်တွေကို ညီညွတ်စွာ ဆန့်ကျင်ကြဖို့ လစ်ဗျားနိုင်ငံသားတွေကို သူက တိုက်တွန်းလိုက်ပါတယ်။

လစ်ဗျားနိုင်ငံအပေါ် နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံတဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှု လုပ်ဆောင်ဖို့ အီဂျစ်သမ္မတ Abel Fattah el-Sissi ကလည်း လုံခြုံရေးကောင်စီကို အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို အီဂျစ်နိုင်ငံက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေအပေါ် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်နိုင်ငံတို့က ဝါရှင်တန်ဒီစီမြို့မှာ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်ကြပါတယ်။

အီဂျစ်နိုင်ငံသား ၂၁ ဦးကို လစ်ဗျားနိုင်ငံအတွင်း IS အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အကြမ်းဖက်သမားတွေက လူမဆန်စွာ သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် လစ်ဗျားနိုင်ငံအတွင်း ဖြစ်နေတဲ့ ပဋိပက္ခကို နိုင်ငံရေးအရ အမြန်ဆုံး အဖြေရှာဖို့ လိုအပ်နေပြီးဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG