သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် မက်ကိန်း လစ်ဗျားအတိုက်အခံကို ကူညီဖို့တိုက်တွန်း


အထက်လွှတ်တော်အမတ် မက်ကိန်း လစ်ဗျားအတိုက်အခံကို ကူညီဖို့တိုက်တွန်း
အထက်လွှတ်တော်အမတ် မက်ကိန်း လစ်ဗျားအတိုက်အခံကို ကူညီဖို့တိုက်တွန်း

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ သောကြာနေ့က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာရှိတဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို လစ်ဗျားအတိုက်အခံ အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိုပြီးကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ထိန်းချုပ်ထားတဲ့ လစ်ဗျားအစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို အတိုက်အခံအဖွဲ့တွေကို လွှဲပြောင်းပေးဖို့ အမေရိကန် အစိုးရကို မစ္စတာ မက်ကိန်းက တိုက်တွန်းထားတဲ့ အပေါ်မှာတော့ အိမ်ဖြူတော်က ငြင်းဆန်ထားပါတယ်။ အတိုက်အခံတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လစ်ဗျား အနောက်ပိုင်းမြို့တော် မစ်ရာတာ နဲ့ တူနီးရှား နယ်စပ် တလျှောက်မှာ အတိုက်အခံတပ်ဖွဲ့တွေက ထိန်းချုပ်မှု အနည်းငယ် ပိုရလာချိန်မှာ မစ္စတာ မက်ကိန်း ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။ ကိုင်ရိုမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Edward Yeranian သတင်းပေးပို့ ထားတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

သောကြာနေ့က ဘန်ဂါဇီမြို့ကို ရောက်ရှိလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ခရီးစဉ်ဟာ လစ်ဗျား အတိုက်အခံတပ်ဖွဲ့တွေ ထိန်းချုပ်ရာမြို့ကို အမေရိကန် ထိပ်တန်း အရာရှိတဦး လာရောက်တဲ့ အဆင့်မြင့်ဆုံး ခရီးစဉ်တခုပဲ ဖြစ်ပါတယ်။ သိပ်ပြီးကြီးကြီးမားမား အောင်မြင်မှုလို့ မဆိုနိုင်ပေမဲ့ အတိုက်အခံ တပ်ဖွဲ့တွေအတွက် အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ သိသာတဲ့ ထောက်ခံမှုတချို့ ရနေချိန်မှာ မစ္စတာ မက်ကိန်း အခုလို ရောက်ရှိလာတာဖြစ်ပါတယ်။

သူ့ခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာ မက်ကိန်းက သူ လေးစားရတဲ့ လစ်ဗျား အတိုက်အခံတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု တွေကို ပိုပြီးတော့ နားလည်သိရှိနိုင်ဖို့ အခုလို ရောက်လာခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

“အခြေအနေတွေကို အဖြစ်အပျက် အမှန်အတိုင်း လေ့လာသုံးသပ်နိုင်ဖို့ ကျနော် ဒီကိုလာခဲ့တာပါ။ အတိုက်အခံ အသွင်ကူးပြောင်းရေး ကောင်စီနဲ့ ကျနော်တို့ တွေ့ဆုံနေသလို စစ်တပ်နဲ့လည်း တွေ့ပါမယ်။ လူတွေ အများကြီးနဲ့ တွေ့ဖြစ်မှာပါ။ အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကျနော့်ရဲ့ သူရဲကောင်းတွေ ပါပဲ။”

လစ်ဗျားအရပ်သားတွေကို ကာကွယ်နိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲတဲ့နေရာမှာ မောင်းသူ မပါတဲ့ အဝေးထိန်း ဒုံးလေယာဉ်တွေ အသုံးပြုခွင့်ကို အမေရိကန်သမ္မတ အိုဘားမားက အတည်ပြုလိုက်တဲ့ အကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ မစ္စတာ မက်ကိန်းရဲ့ အခုခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။

လမ်းကြိုလမ်းကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ လူနေသိပ်သည်းတဲ့ မြို့ပေါ်ဒေသတွေမှာ နေတိုး မဟာမိတ်တပ်ဖွဲ့တွေအတွက် လေကြောင်းကနေ စစ်ဆင်ရတာမှာ အခက်အခဲတွေ ရှိနေပါတယ်။ အဝေးထိန်း ဒုံးလေယာဉ်တွေက မစ်ရာတာလို နေရာမျိုးမှာ မြို့ပေါ်က ပစ်မှတ်တွေကို ပိုပြီးတော့ ထိထိ ရောက်ရောက် ပစ်ခတ်နိုင်တယ်လို့ အမေရိကန် စစ်တပ်အရာရှိတွေက ပြောပါတယ်။

လစ်ဗျားပြည်သူတွေကို ကာကွယ်ဖို့ နေတိုးမဟာမိတ်အဖွဲ့တွေ အနေနဲ့ အကူအညီတွေ ပိုပြီးပေးဖို့ မစ်ရာတာမှာ ရှိတဲ့ အတိုက်အခံအဖွဲ့တွေက တောင်းဆိုထားပါတယ်။ မစ်ရာတာမြို့မှာ ဖြစ်ပွားနေတဲ့ သီတင်းပတ် ၆ ပတ်ကျော်ကြာ တိုက်ပွဲတွေအတွင်း သေဆုံးသူ၊ ဒဏ်ရာရသူ အရပ်သားပြည်သူတွေ ရာနဲ့ချီ ရှိနေပါပြီ။

လစ်ဗျားနိုင်ငံ မြို့တော် ထရစ်ပိုလီမှာတော့ လစ်ဗျားအစိုးရရဲ့ ပြောခွင့်ရသူ Moussa Ibrahim က တကယ်လို့ နေတိုးတပ်ဖွဲ့တွေ မစ်ရာတာ ဒါမှမဟုတ် တခြား လစ်ဗျား မြို့တခုခုကို ဝင်ရောက်လာမယ်ဆိုရင် တိုင်းပြည်ကို ငရဲပြည်ဖြစ်အောင် လုပ်တာပဲလို့ဆိုပြီး အတိုက်အခံတပ်ဖွဲ့တွေကို နေတိုးမဟာမိတ်အဖွဲ့တွေက ကူညီနေတဲ့အပေါ် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

“နေတိုး မဟာမိတ်တပ်ဖွဲ့တွေက မစ်ရာတာ ဒါမှမဟုတ် တခြား လစ်ဗျား မြို့တခုခုကို တိုက်ခိုက်လာမယ်ဆိုရင် ကျနော်တို့တွေ နေတိုး ပို့တဲ့ ငရဲပြည်ကို ရောက်ကြရပါလိမ့်မယ်။ မီးလောင်တိုက်သွင်း ခံရမှာပါ။ လူတယောက်တည်းကပဲ လွတ်လပ်ခြင်းအတွက် တိုက်ခိုက်နေတဲ့ နိုင်ငံဖြစ်သွားပါလိမ့်မယ်။ အီရတ်က အခြေအနေထက် ၁၀ ဆလောက် ဆိုးသွားမှာပါ။”

လစ်ဗျားအစိုးရပိုင် ရုပ်မြင်သံကြားကလည်း နေတိုး မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းမြို့ ဆီးရစ်ဒ် (Syrte) မှာရှိတဲ့ ရေသန့်စက်ရုံတခုက အရပ်သားအလုပ်သမား အတော်များများ သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ Baghdad မြို့မှာရှိနေတဲ့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်က အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်တပ်အကြီးအကဲတွေ မကြာသေးခင်က ပြောခဲ့ကြသလိုပဲ - လစ်ဗျားက ပဋိပက္ခတွေဟာ ရှေ့တိုးနောက်ဆုတ်မရ အခြေအနေကို ဦးတည်နေပြီလို့ ပြောသွားပါတယ်။ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ အာဏာစွန့်သင့်ပြီ၊ ဒါပေမဲ့ မစ္စတာ ကဒါဖီကို ဖယ်ရှားနိုင်ဖို့ အချိန် ဘယ်လောက်ယူရမယ် ဆိုတာကတော့ မသေချာသေးဘူးလို့လည်း မစ္စတာ မူလန်က ပြောခဲ့ပါတယ်။

အခုနောက်ဆုံးဝင်လာတဲ့ သတင်းတွေအရ အစိုးရထောက်ခံရေး တပ်ဖွဲ့တွေနဲ့ ဆန့်ကျင်ရေးအဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်နေကြတဲ့ လစ်ဗျားနိုင်ငံ မစ်ရာတာမြို့ကနေ အစိုးရတပ်ဖွဲ့တွေ ပြန်ပြီးဆုတ်ခွာမယ်လို့ လစ်ဗျား လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ မစ္စရာတာမြို့တဝိုက်မှာရှိတဲ့ တောင်ပေါ် တိုင်းရင်းသားတွေနဲ့ မစ်ရာတာ ပြည်သူတွေဆီ မြို့ကို ပြန်ထားခဲ့မယ်လို့ မနေ့ကပဲ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တာပါ။ ဘယ်အချိန် အစိုးရတပ်တွေ ဆုတ်ခွာမလဲ ဆိုတာကိုတော့ သူက မပြောခဲ့ပါဘူး။

XS
SM
MD
LG