လစ်ဗျားနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေးအတွက် လစ်ဗျားခေါင်းဆောင် ဂဒါဖီရဲ့ ကမ်းလှမ်းချက်ကို နေတိုး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့လုပ်ပြတာပဲ လိုချင်တယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။
လစ်ဗျားပြည်သူတွေကို ခြိမ်းခြောက်နေသ၍ နေတိုးတပ်ဖွဲ့ကလည်း စစ်ပွဲ ဆင်နွှဲနေမှာပဲလို့လည်း ပြောပါတယ်။ ဆွေးနွေးရမယ့်အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မစ္စတာ ဂဒါဖီအပေါ်မှာ ယုံကြည်စိတ်ချရမှု လုံးဝ မရှိဘူးလို့လည်း လစ်ဗျားသူပုန်တွေက ဆိုပါတယ်။
စနေနေ့ အစောပိုင်းကတော့ ၁ နာရီခွဲကြာ ပြောကြားခဲ့တဲ့ မစ္စတာ ဂဒါဖီရဲ့ မိန့်ခွန်းထဲမှာ နေတိုး တပ်ဖွဲ့ကသာ အပစ်အခတ် ရပ်စဲမယ်ဆိုရင် သူတို့ဘက်က ဆွေးနွေးညှိနှိုင်းဖို့ အသင့်ပဲလို ထည့်သွင်း ပြောကြားခဲ့သလို သူကတော့ အာဏာကနေ ဆင်းပေးမှာမဟုတ်ူဘူးလို့လည်း ပြောကြားသွားပါတယ်။
မစ္စတာ ဂဒါဖီ မိန့်ခွန်းပြောကြားနေတဲ့ အသံလွှင့်ရုံအနီးကို နေတိုး လေတပ်က ဗုံးကျဲချခဲ့တယ်လို့လည်း လစ်ဗျား အစိုးရက ပြောပါတယ်။ ဒီညွှန့်ပေါင်းအဖွဲ့ ဗုံးကျဲတာတွေကိုကြည့်မယ်ဆိုရင် သူတို့ဟာ မစ္စတာ ဂဒါဖီကိုသာ သီးသန့် ပစ်မှတ်ထားတယ် ဆိုတာတွေ့ရတယ်လို့ လစ်ဗျားအစိုးရက ပြောပါတယ်။