သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အနာဂတ်အရေး နေတိုးစည်းဝေး


လစ်ဗျား အနာဂတ်အရေး နေတိုးစည်းဝေး
လစ်ဗျား အနာဂတ်အရေး နေတိုးစည်းဝေး

လစ်ဗျားနိုင်ငံမှာ လုပ်နေတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ခန့်မှန်း တွက်ချက်မှုတွေ လုပ်ဆောင်ဖို့ နေတိုးအဖွဲ့ ကာကွယ်ရေး ဝန်ကြီးတွေ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့မှာ ဒီနေ့ တွေ့ဆုံဖို့ ရှိပါတယ်။

လစ်ဗျားနိုင်ငံရဲ့မြို့တော် ထရီပိုလီ (Tripoli) မှာတော့ နေတိုးတပ်ဖွဲ့တွေက မနေ့က တညလုံး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။

မတ်လကနေ စပြီး လုပ်ဆောင်လာတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နေတိုး စစ်လေယာဉ်တွေဟာ လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီကို တိုက်ခိုက်မှုတွေ ပိုပြီးတော့ အပြင်းအထန် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

နေတိုး ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံကြတဲ့ အခါမှာ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) မပါဝင်တဲ့ အနာဂတ် လစ်ဗျားနိုင်ငံအတွက် ပြင်ဆင်ကြဖို့အရေး ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး အန်းဒါးစ် ဖို့ဂျ် ရပ်စ်မူဆန် (Anders Fogh Rasmussen) က ပြောပါတယ်။

လစ်ဗျားမှာ နေတိုးတပ်ဖွဲ့တွေ တိုက်ခိုက်နေတာတွေက မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက လစ်ဗျားပြည်သူတွေကို တိုက်ခိုက်နေတာကနေ ကာကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့ တာဝန်ပေးချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကတော့ ဆက်ပြီးတော့ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မနေ့က ထုတ်လွှင့်ခဲ့တဲ့ အစိုးရပိုင် ရုပ်မြင်သံကြားမှာ မစ္စတာ ဂဒါဖီက လစ်ဗျားပြည်သူတွေဟာ အညံ့ခံသွားမှာ မဟုတ်ဘူး၊ ပွဲသိမ်းတဲ့အထိ နိုင်ငံအတွက် ရှိနေမယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ ကုလသမဂ္ဂရဲ့ လစ်ဗျားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း လစ်ဗျား အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ပြောဆိုဖို့ အစိုးရ ဆန့်ကျင်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီ (Benghazi) မြို့ကို ရောက်နေပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ဂျော်ဒန်နိုင်ငံသားဖြစ်ပြီး အဗ္ဗဒူလ် အီလာ အယ်လ် ခါတစ် (Abdul Ilah al-Khatib) ဖြစ်ပြီး သူက လစ်ဗျားမြို့တော် ထရီပိုလီမှာ လစ်ဗျားအစိုးရပိုင်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး အခု သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီမြို့ကို ရောက်လာခဲ့တာပါ။

XS
SM
MD
LG