သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားခေါင်းဆောင်ကို ပစ်မှတ်မထားကြောင်း NATO တပ်ဖွဲ့ ငြင်းဆို


လစ်ဗျားခေါင်းဆောင်ကို ပစ်မှတ်မထားကြောင်း NATO တပ်ဖွဲ့ ငြင်းဆို

ညွန့်ပေါင်းတပ်ဖွဲ့တွေအနေနဲ့ လစ်ဗျားနိုင်ငံရဲ့ စစ်ဘက်ကွပ်ကဲရေး ဌာနတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး လူပုဂ္ဂိုလ် တဦးချင်းစီကို ရည်ရွယ် တိုက်ခိုက်တာ မဟုတ်ဘူးလို့ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

နေတိုး (NATO) လေကြောင်း တိုက်ခိုက်မှုအတွင်း လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့သား သေဆုံးခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ်မှာတော့ မစ္စတာ ကင်မရွန်းက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတဲ့ တိုက်ခိုက်မှုလို့ စွပ်စွဲ ပြောဆိုနေတဲ့ နေတိုးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဂဒါဖီရဲ့သား အသက် ၂၉ နှစ်အရွယ် ဆာအိဖ် အယ်လ်-အာရပ်ဘ် ဂဒါဖီ (Saif al-Arab Gadhafi) နဲ့ မြေး ၃ ယောက် သေဆုံးသွားတယ်လို့ စနေနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လစ်ဗျားအစိုးရ ပြောခွင့်ရသူ မူဆာ အီဘရာဟင်မ် (Moussa Ibrahim) က ပြောပါတယ်။

“ဒါ ဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်ကို လုပ်ကြံတဲ့ တိုက်ရိုက် စစ်ဆင်ရေးပါ။ ဒါကို နိုင်ငံတကာ ဥပဒေတွေက ခွင့်မပြုသလို ဘယ်လိုကျင့်ဝတ်မျိုး၊ လုပ်ထုံးလုပ်နည်းမျိုးကမှလည်း ခွင့်မပြုပါဘူး။ အရပ်သားတွေကို ကာကွယ်ချင်ပါတယ်လို့ ဆိုရင် စေ့စပ်ညှိနှိုင်းဖို့၊ ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံတွေ ဖန်တီးဖို့နဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး ကာလတွေ၊ ရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲတွေအတွက် အဆင်သင့် ရှိနေပါတယ်လို့ ကျနော်တို့ဘက်ကလည်း ထပ်တလဲလဲ ကြေညာထားတာ ဖြစ်ပါတယ်။”

မစ္စတာ ဂဒါဖီနဲ့ သူ့ဇနီးဖြစ်သူဟာ အဲဒီအချိန် သူ့သားနေအိမ်မှာ ရှိနေပေမဲ့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ မစ္စတာ အီဘရာဟင်မ်က ပြောပါတယ်။ အိမ်ကတော့ အတော်လေး ပျက်စီးသွားတာ တွေ့ရပါတယ်။

အစောပိုင်း စနေနေ့တုန်းကတော့ လစ်ဗျားပဋိပက္ခ အဆုံးသတ်ရေး စေ့စပ်ဆွေးနွေးဖို့ လစ်ဗျားခေါင်းဆောင် ဂဒါဖီက နေတိုးတပ်ဖွဲ့ကို ကမ်းလှမ်းခဲ့ပေမဲ့ နေတိုးတပ်ဘက်ကတော့ အဲဒီ ကမ်းလှမ်းချက်ကို လက်မခံ ပယ်ချခဲ့ပြီး လစ်ဗျားအစိုးရ အနေနဲ့ အပြောမဟုတ်၊ လက်တွေ့လုပ်ပြတာကိုပဲ မြင်လိုတယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က တုံ့ပြန်ပါတယ်။

လစ်ဗျားမှာ အရပ်သားတွေကို အန္တရာယ်ပေးနေသ၍တော့ နေတိုး မဟာမိတ်တပ်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ဆင် တိုက်ခိုက်မှုတွေ ဆိုတာကတော့ လစ်ဗျားနိုင်ငံရဲ့ စစ်ဘက်ကွပ်ကဲရေး ဌာနတွေနဲ့ တခြား စစ်ပစ္စည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာ ဖြစ်တဲ့အကြောင်း ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။

XS
SM
MD
LG