လစ်ဗျားနိုင်ငံမှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အနေနဲ့ အနည်းဆုံး ဒီနှစ်ကုန်လောက်အထိ ဆက်လက် တာဝန်ယူပေးဖို့ ယာယီအစိုးရရဲ့ ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။
နေတိုးအဖွဲ့ ဆက်ရှိနေမယ်ဆိုရင် လစ်ဗျားခေါင်းဆောင်ဟောင်း Moammar Gadhafi ကို သစ္စာခံသူတွေ
တကွဲတပြား ဖြစ်နေရာက လူပြန်စုပြီး လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာမှာကို ဟန့်တားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) ရဲ့ အကြီးအကဲ Mustafa Abdel Jalil က ဒီကနေ့ပဲ ပြောလိုက်တာပါ။
ပြီးခဲ့တဲ့တပတ်ထဲ ကဒါဖီ သေဆုံးသွားစဉ်ကစလို့ ပထမဆုံး အကြိမ်အဖြစ် ကာတာနိုင်ငံမှာ လစ်ဗျားနိုင်ငံ အနာဂတ်အတွက် ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံအတွင်း တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံက အုံကြွမှုတွေကို ထောက်ခံခဲ့တဲ့ အာရပ်နိုင်ငံတခုဖြစ်တဲ့ ကာတာကတော့ နေတိုးအဖွဲ့ရဲ့ လေကြောင်း စစ်ဆင်ရေးတွေကို အကူအညီပေးခဲ့သလို၊ ယာယီအစိုးရအတွက် ဘဏ္ဍာရေး အထောက်အကူပေးမယ့် ရေနံရောင်းချမှုမှာလည်း ပံ့ပိုးခဲ့တဲ့ တိုင်းပြည် ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံက တိုက်ပွဲတွေမှာလည်း အသွင်ကူးပြောင်းရေးကောင်စီ တပ်ဖွဲ့တွေနဲ့အတူ ကာတာနိုင်ငံက စစ်သားတွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ ဒီကနေ့ပဲ ထုတ်ဖော်ပြောဆိုခဲ့တဲ့အကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာတော့ လစ်ဗျားနိုင်ငံမှာ ၇ လကြာ လေကြောင်းက စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာတွေ အဆုံးသတ်စေဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံက သံအမတ်ကြီးတွေ ဒီကနေ့ပဲ ဆွေးနွေးခဲ့ကြတာပါ။