လစ်ဗျားခေါင်းဆောင် မိုမန်ကဒါဖီရဲ့တပ်တွေက လစ်ဗျားပြည်သူတွေကို တိုက်ခိုက်နေတာ ရပ်ဆိုင်းဖို့နဲ့ မရပ်ဆိုင်းရင် စစ်ရေးအရ အရေးယူတာကို ခံရမယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က သတိပေးလိုက်ပါတယ်။
လစ်ဗျားအရေး နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ပြင်သစ်နိုင်ငံမှာ စနေနေ့ ကျင်းပမယ့် ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) တက်ရောက်ဖို့ ပဲရစ်မြို့ကို သွားရောက်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
အတိုက်အခံတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့နေရာတွေကနေ မစ္စတာကဒါဖီက သူ့တပ်တွေကို ပြန်မရုတ်သိမ်းပေးဘူးဆိုရင် ထောင်ချီ သေဆုံးမှုတွေ ဖြစ်ပွားလာနိုင်တယ်လို့လည်း သတိပေးပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ သူ့တပ်တွေကို လစ်ဗျားမှာ ချထားမှာမဟုတ်ပေမဲ့ လိုအပ်ခဲ့ရင်တော့ မဟာမိတ်တွေရဲ့ လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုံ သတ်မှတ်မှုကို အားဖြည့်ကူညီမယ်လို့လည်း ပြောပါတယ်။
တချိန်တည်းမှာပဲ လစ်ဗျားက အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ အတိုက်အခံ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးရေးအတွက် လမ်းကြောင်းဖွင့်ဖို့ အသင့်ရှိကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုံ သတ်မှတ်လိုက်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ နောက်တနေ့မှာ အခုလို ကြေညာလိုက်တာပါ။ ဒါပေမဲ့ မိုမာကဒါဖီရဲ့ တပ်တွေဟာ လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီကို ဆက်ပြီးတိုက်ခိုက်နေတဲ့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်က ပြောပါတယ်။
သောကြာညနေမှာတော့ လစ်ဗျား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Khaled Kaim က အတိုက်အခံတွေရဲ့ နေရာတွေကို ၀င်ရောက်ဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ဆိုပါတယ်။
အမေရိကန်သမ္မတကတော့ အစောပိုင်းမှာ အတိုက်အခံတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာတွေနားမှာ မစ္စတာကဒါဖီရဲ့တပ်တွေ ချထားတာကို ပြန်ရုတ်သိမ်းပေးဖို့ အရပ်သားတွေကို မတိုက်ခိုက်ဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေပေးခွင့်ပြုဖို့ တောင်းဆိုပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လစ်ဗျားအရေးကို အကြီးအကျယ်တုံ့ပြန်ကြပြီး စနေနေ့မှာ အရေးပေါ်အစည်းအဝေးကို ပြင်သစ်မှာ ကျင်းပတဲ့အခါ ကုလသမဂ္ဂ အာရပ်နိုင်ငံများအဖွဲ့ချုပ်၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံက ဆွေးနွေးဖို့ရှိပါတယ်။
လစ်ဗျားနိုင်ငံက အပစ်အခတ်ရပ်စဲရေး ကြေညာတာနဲ့ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၂ နိုင်ငံက အသေးစိတ်စစ်ဆေးမယ်လို့ အီးယူ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တာ က ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လစ်ဗျားပြည်သူတွေကိုကာကွယ်ဖို့ လိုအပ်တာအကုန်လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို အားဖြည့်ဖို့ နေတိုးမဟာမိတ်နိုင်ငံတွေ ဘရက်ဇဲလ်မှာ ဆွေးနွေးခဲ့ကြတာမို့ လစ်ဗျားက အခုလို အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်လိုက်သလို လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး မူဆာကူဆာ က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လက်ခံလိုက်နာမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။