သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား တောင်းဆို

ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား တောင်းဆို
ကဒါဖီ နှုတ်ထွက်ပေးဖို့ အိုဘားမား တောင်းဆို

လစ်ဗျားနိုင်ငံက မိုမာ ကဒါဖီ (Moammar Gadhafi) ဟာ နိုင်ငံကို ခေါင်းဆောင်ဖို့ တရားဝင်မှု မရှိတော့တဲ့အတွက် ရာထူးကနေ နှုတ်ထွက်ပေးဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က မက္ကဆီကို သမ္မတ ဖိလစ်ပီ ကယ်လ်ဒီရွန် (Felipe Calderon) နဲ့ သမ္မတ အိမ်ဖြူတော်က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး လစ်ဗျားနဲ့ ပတ်သက်လို့ ရွေးချယ်စရာ လမ်းကြောင်း အကုန်လုံးကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် ဌာနပေါင်းစုံကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လစ်ဗျားနိုင်ငံထဲက အီဂျစ်နိုင်ငံသားတွေကို သယ်ထုတ်ရာမှာ ကူညီဖို့အတွက် အမေရိကန် လေယာဉ်တွေကို သုံးခွင့်ပေးထားတယ်လို့လည်း ပြောပါတယ်။

မက္ကဆီကို သမ္မတကလည်း လစ်ဗျား ပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းတာကို ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) က လူးဝစ်စ် မိုရမ်းနိုး အိုကမ်ပို (Luis Moreno-Ocampo) က မစ္စတာ ကဒါဖီနဲ့ သူ့နောက်လိုက်တွေအပြင် သူ့ရဲ့သားကိုပါ ပြစ်မှုကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးမယ်လို့ ကြေညာလိုက်ပါတယ်။

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ကလည်း မတ်လ ၁၀ ရက်နေ့မှာ လစ်ဗျားနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲတွေ စတင်ဖို့အတွက် ဘရပ်ဆဲလ်မှာ လာရောက် စုဝေးကြဖို့ EU နိုင်ငံခြားရေး ဝန်ကြီးတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

နေတိုးအကြီးအကဲ အန်းဒါးစ် ရပ်စ်မူဆန် (Anders Rasmussen) ကတော့ နေတိုးနဲ့ မဟာမိတ်တပ်တွေဟာ လစ်ဗျားအရေးကို ဝင်ရောက် မစွက်ဖက်ချင်ပေမဲ့ ဖြစ်နိုင်ချေ အားလုံးအတွက် အစီအစဉ်တွေ လုပ်နေတယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီကတော့ ကြာသပတေးနေ့မှာပဲ တိုက်လေယာဉ်တွေလွှတ်ပြီး အရှေ့ဘက်ခြမ်းက အဓိက ရေနံတင်ပို့တဲ့ ဘရီဂါ ဆိပ်ကမ်းတဝိုက်မှာ ဗုံးကျဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gadhafi) ကတော့ ဒီဗုံးတွေဟာ သူပုန်တွေ ကျဖို့အတွက် ရည်ရွယ်ပြီး ကျဲခဲ့တာလို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG