သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အရပ်ဘက် သေဆုံးမှုတွေ ဟန့်တားနိုင်ဖို့ အမေရိကန် စစ်ရေးအရ ပါဝင်


လစ်ဗျား အရပ်ဘက် သေဆုံးမှုတွေ ဟန့်တားနိုင်ဖို့ အမေရိကန် စစ်ရေးအရ ပါဝင်

လစ်ဗျားခေါင်းဆောင် ကဒါဖီ (Moammar Gadhafi) ကို စစ်ရေးအရ အရေးယူ ဆောင်ရွက်တဲ့ နေရာမှာ အမေရိကန် ပြည်ထောင်စု ဘာကြောင့် ပါဝင်သလဲ ဆိုတာကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လစ်ဗျားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ အဓိက ရည်မှန်းချက်ဟာ လစ်ဗျား အရပ်သားတွေကို ကာကွယ်ဖို့ ဖြစ်တယ်၊ လစ်ဗျား ဝေဟင်ပေါ်မှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရေးကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လူတွေကို အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ အခြေအနေကို ဟန့်တားဖို့ ဖြစ်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

ကဒါဖီဟာ သူ့ကိုဆန့်ကျင်တဲ့ သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ဖို့အတွက် အမိန့်ပေးခဲ့ပြီး မိုမာ ကဒါဖီ အာဏာရှိနေသမျှ လစ်ဗျားဟာ အန္တရာယ်ရှိတဲ့နိုင်ငံ ဖြစ်နေမှာပဲ ဆိုပြီးတော့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

လစ်ဗျားနိုင်ငံကို နိုင်ငံတကာက အရေးယူတာ နောက်ကျတာနဲ့ ဘန်ဂါဇီ (Benghazi) မြို့မှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရနိုင်တယ်လို့လည်း ပြောဆိုသွားပါတယ်။

အခု လစ်ဗျားနိုင်ငံကို အရေးယူတဲ့ နေရာမှာ အမေရိကန်နိုင်ငံ တနိုင်ငံတည်း မဟုတ်ဘဲ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ဥရောပ နိုင်ငံတွေကပါ စုပေါင်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

လစ်ဗျား အရပ်သားတွေကို အကာအကွယ် ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုဆိုရင် နေတိုးက ဦးဆောင်ပြီး လက်ရှိ လစ်ဗျားကိစ္စကို စစ်ရေးအရ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့အတူ လက်တွဲပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ လုပ်သင့်တာ လုပ်မယ်လို့ ကတိပေးခဲ့တာတွေကို လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း အမေရိကန် သမ္မတက အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှာလုပ်တဲ့ မိန့်ခွန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG