သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သတင်းထောက် ဓါတ်ပုံဆရာတစ်ဦး လစ်ဗျားစစ်ပွဲမှာ သေဆုံး


စစ်သတင်းထောက် ဓါတ်ပုံဆရာတစ်ဦး လစ်ဗျားစစ်ပွဲမှာ သေဆုံး

အော်စကာရုပ်ရှင် အကယ်ဒမီဆုပေးရေး အဖွဲ့က အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာအဖြစ် ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရဖူးတဲ့ စစ်သတင်းထောက် ဓါတ်ပုံသမားတဦးဟာ လစ်ဗျားနိုင်ငံမှာ မနေ့က သေဆုံးသွားခဲ့ပါတယ်။ အစိုးရထောက်ခံရေး တပ်ဖွဲ့တွေနဲ့ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်နေကြတဲ့ မစ်ရာတာမြို့က တိုက်ပွဲတွေအတွင်း သူ သေဆုံးခဲ့ရတာပါ။

သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် ဓါတ်ပုံသမား ၃ ဦးလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံဖွား ဓါတ်ပုံသမား တင်မ် ဟယ်သာရင် တန် (Tim Hetherington) ဟာ မော်တာကျည်ဆန် ထိမှန်ပြီး မစ်ရာတာမြို့မှာ မနေ့တုန်းက သေဆုံးသွားခဲ့တာပါ။ ဒဏ်ရာရခဲ့ကြတဲ့ တခြား ဓါတ်ပုံသမား ၃ ဦးလည်း သူတို့ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။

သေဆုံးခဲ့တဲ့ တင်မ် ဟယ်သာရင်တန် ဟာ အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၀ ခုနှစ် Restrepo လို့ခေါ်တဲ့ အာဖဂန်ရောက် အမေရိကန် စစ်သားတွေအကြောင်း မှတ်တမ်းတင်ရုပ်ရှင်မှာ တွဲဖက် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့သူပါ။ သူဟာ Robert Capa လို့ခေါ်တဲ့ စစ်သတင်းထောက်ဓါတ်ပုံ အမြင့်ဆုံး ရွှေတံဆိပ် ဆုရှင် ဖြစ်ပြီး ပူလစ်ဇာဆု ဆန်ကာတင်အဆင့်လည်း အရွေးခံခဲ့ရဖူးပါတယ်။ နယူးယောက်မြို့ အခြေစိုက် သတင်းသမား ကာကွယ်ရေးအဖွဲ့ CPJ ကတော့ အခု လစ်ဗျားစစ်ပွဲမှာ တခြားသတင်းသမား ၂ ဦးလည်း သေဆုံးခဲ့တာ ရှိတယ် လို့ ဆိုပါတယ်။

XS
SM
MD
LG