လစ်ဗျားနိုင်ငံမှာ အတိုက်အခံတပ်တွေက သိမ်းပိုက်ထားတဲ့မြို့တွေကို လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်တာကို တွေ့နေရပါတယ်။ ထရစ်ပိုလီမြို့တော်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အရင်က အတိုက်အခံတွေရဲ့လက်ထဲက ဇာဝီယာမြို့ထဲကို လစ်ဗျားအရာရှိတွေက နိုင်ငံခြားသတင်းထောက်တွေကို လှည့်လည်ပြသခဲ့ပါတယ်။
တချိန်တည်းမှာပဲ လစ်ဗျားအရှေ့ဘက်က ရေနံဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ ရက်စ်လာနူးဖ် မြို့နားကို ပစ်မှတ် ထားပြီး လစ်ဗျားအစိုးရရဲ့ ဂျက်လေယာဉ်တွေက ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ကဒါဖီလိုလားတဲ့တပ်တွေဟာ ဝေဟင်၊ မြေပြင်နဲ့ ရေပြင်တို့ကနေ မြို့ကိုဝိုင်းပြီးတိုက်ခိုက်ခဲ့တဲ့အတွက် ဒီမြို့ထဲက အခြေစိုက်စခန်းကနေ တနေ့ကပဲ အတိုက်အခံတပ်တွေက ဆုတ်ပေးခဲ့ရပါတယ်။
မနေ့ကတော့ နိုင်ငံရဲ့အရှေ့ပိုင်းမြို့တော် ဘန်ဂါဇီမှာ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေက ကဒါဖီ နုတ်ထွက်ပေးဖို့ ထပ်တောင်းဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ အတိုက်အခံခေါင်းဆောင်တွေကို အသိအမှတ်ပြုထောက်ခံခဲ့တဲ့ ပြင်သစ်အစိုးရကို ကျေးဇူးတင်တဲ့ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ အမေရိကန်နဲ့ မဟာမိတ်တွေက ကဒါဖီကို ပိုမို ကျပ်တည်း လာအောင် ဖိအားပေးမှုတွေ လုပ်ဖို့ပြင်နေတယ်၊ ဒါပေမဲ့ အတိအကျဘာလုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။