သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့တော်အနီး ဇဝီယာမြို့ကို လစ်ဗျားအစိုးရတပ်များ ထိုးစစ်ဆင်


မြို့တော်အနီး ဇဝီယာမြို့ကို လစ်ဗျားအစိုးရတပ်များ ထိုးစစ်ဆင်
မြို့တော်အနီး ဇဝီယာမြို့ကို လစ်ဗျားအစိုးရတပ်များ ထိုးစစ်ဆင်

လစ်ဗျားနိုင်ငံအနောက်ပိုင်းက ဇဝီယာမြို့ကိုထိန်းချုပ်နိုင်ဖို့အတွက် တိုက်ပွဲတွေဖြစ်ပေါ်နေချိန်မှာ အရှေ့ပိုင်းမှာရှိတဲ့အတိုက်အခံတွေက ထရစ်ပိုလီမြို့ကို စုဝေးချီတက်ကြမယ်လို့ ကတိထားခဲ့ကြပါတယ်။ စနေနေ့မှာ ဇဝီယာမြို့ကို ပြန်လည်ပြီးထိန်းချုပ်နိုင်ဖို့အတွက် မိုမာကဒါဖီရဲ့ သစ္စာခံတပ်တွေက နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပါတယ်။

ဇဝီယာမြို့ဟာ ထရစ်ပိုလီအရှေ့ဘက် မိုင် ၃၀ လောက်အကွာမှာရှိတာမို့ မစ္စတာကဒါဖီကို ဆန့်ကျင်တဲ့သူတွေ အနီးကပ်ဆုံးသိမ်းပိုက်ထားတဲ့ မြို့တော်ဖြစ်ပါတယ်။ ဒီမြို့ကိုပြန်ပြီး သိမ်းပိုက်နိုင်ဖို့အတွက် မစ္စတာကဒါဖီရဲ့ တပ်တွေက တင့်ကားတွေသုံးပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြတယ်လို့ အနောက်တိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မီးလောင်ကျွမ်းမှုတွေရှိသလို အဆောက်အဦးတချို့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပါတယ်။ ဒါပေမဲ့ မြို့လယ်မှာ အတိုက်အခံတွေက ဆက်လက်ပြီး ထိန်းချုပ်ထားနိုင်ပုံပေါ်နေပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၇ ဦးထက်မနဲ သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

တချိန်တည်းမှာလည်း နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အတိုက်အခံတွေ ရေနံဆိပ်ကမ်း Ras Lanuf မှာ မစ္စတာကဒါဖီရဲ့ တပ်တွေကို ပြန်လည်တိုက်ခိုက်ပြီးရင် ထရစ်ပိုလီမြို့တော်ကို ချီတက်ကြမယ်လို့ဆိုပါတယ်။ ဒီရေနံဆိပ်ကမ်းကို ပြန်ပြီးသိမ်းပိုက်နိုင်အောင် သောကြာနေ့က မစ္စတာကဒါဖီရဲ့တပ်တွေက ပြင်းပြင်းထန်ထန် ကြိုးစားနေကြတာပါ။ အဲဒီမှာ တိုက်လေယာဉ်တစီး စနေနေ့က ပျက်ကျသွားတယ်လို့ မျက်မြင်သက်သေတွေကပြောပေမဲ့ အခုထိ အခြေအနေမှန်ကို သဲသဲကွဲကွဲ မသိရသေးပါဘူး။

အတိုက်အခံတွေထိန်းချုပ်ထားတဲ့ ဘန်ဂါဇီမြို့မှာတော့ သောကြာနေ့ ဗုံးဖောက်ခွဲခံခဲ့ရလို့ သေဆုံးသွားသူတွေ အတွက် ဇာပနအခမ်းအနားကို စနေနေ့မှာကျင်းပခဲ့ကြပါတယ်။ မစ္စတာ ကဒါဖီရဲ့တပ်တွေက မြို့ပြင်က လက်နက်သိုလှောင်ရုံမှာ ဖောက်ခွဲခဲ့လို့ ၁၇ ဦးထက်မနဲ သေဆုံးခဲ့ရတာပါ။ စနေနေ့မှာပဲ အတိုက်အခံတွေက ပထမဆုံးအကြိမ်အဖြစ်နဲ့ အမျိုးသားကောင်စီရဲ့ တရားဝင်အစည်းအဝေးတရပ်ကို ကျင်းပခဲ့ကြပါတယ်။ ဒီကောင်စီက လစ်ဗျားအရှေ့ပိုင်းဒေသကို ထိန်းချုပ်နိုင်အောင်ကြိုးစားနေပြီး မစ္စတာကဒါဖီရဲ့ တပ်တွေကို တိုက်ခိုက်ဖို့အတွက် နိုင်ငံတကာရဲ့စစ်ရေးအကူအညီတရပ်ကို အကန့်အသတ်ထားပြီး တောင်းဆိုဖို့ ရှိနေပါတယ်။

XS
SM
MD
LG