သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုကို နှိပ်ကွပ်မှုကြောင့် အာရပ်အဖွဲ့ချုပ် လစ်ဗျားကိုယ်စားလှယ် နှုတ်ထွက်


ဆန္ဒပြမှုကို နှိပ်ကွပ်မှုကြောင့် အာရပ်အဖွဲ့ချုပ် လစ်ဗျားကိုယ်စားလှယ် နှုတ်ထွက်
ဆန္ဒပြမှုကို နှိပ်ကွပ်မှုကြောင့် အာရပ်အဖွဲ့ချုပ် လစ်ဗျားကိုယ်စားလှယ် နှုတ်ထွက်

လစ်ဗျားနိုင်ငံမှာ နှစ်ပေါင်း ၄၀ ကြာ အုပ်ချုပ်လာတဲ့ မွမ်မာ ကဒါဖီ (Moammar Gadhafi) က သူ့ကို ဆန့်ကျင် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ ကြိုးစားနေချိန်မှာပဲ လစ်ဗျားမြို့တော် ထရီပိုလီမှာ သူ့ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

လစ်ဗျားရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ဘန်ဂါဇီမှာတော့ ပြီးခဲ့တဲ့အပတ် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းခဲ့ပေမဲ့ လုံခြုံရေး တပ်သားတချို့က တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြသူတွေနဲ့ လာရောက် ပူးပေါင်းတာ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လစ်ဗျားနိုင်ငံရဲ့ ၅ ရက်ကြာ လူထု ဆန္ဒပြပွဲတွေကနေ သေဆုံးသူ အနည်းဆုံး ၁၇၃ ဦး ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့ အစောပိုင်းမှာ အမေရိကန် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက ပြောပေမဲ့ ဘန်ဂါဇီ ဆေးရုံကလာတဲ့ သတင်းတွေမှာတော့ တပတ်အတွင်း သေဆုံးသူ ၂၀၀ ထက်မနည်း ရှိပြီး ရာနဲ့ချီပြီး ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ လစ်ဗျား ကိုယ်စားလှယ်က နှုတ်ထွက်လိုက်ပါတယ်။ ဒါဟာ အာဏာရှင် ကဒါဖီ လက်ထက်မှာ ပထမဆုံး ဘက်ပြောင်း ဆန့်ကျင်မှုတခု ဖြစ်ပါတယ်။

လစ်ဗျားဟာ အခု ၂၂ နိုင်ငံ ပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားရတဲ့နိုင်ငံ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပီ.ဂျေ ခရော်လီ (P.J Crowley) ကတော့ ဆန္ဒပြမှုနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုဟာ ရာနဲ့ချီပြီး ရှိနေတာကို ခိုင်လုံတဲ့ သတင်းတွေအရ သိရပြီး ဒီ့အတွက် အထူးစိတ်ပူကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျားအစိုးရက ဆန္ဒပြ သတင်းတွေကို ဖော်ပြနေတဲ့ အယ်လ်ဂျာဇီးယား ရုပ်သံကို လစ်ဗျားနိုင်ငံထဲမှာ ကြည့်လို့မရအောင် ပိတ်ပင်ပစ်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယားက ပြောပါတယ်။

လစ်ဗျားက ဆန္ဒပြမှုတွေ ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့နောက် ပထမဆုံးအကြိမ်အဖြစ် မြို့တော် ထရီပိုလီမှာ တနင်္ဂနွေနေ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တဲ့ အခါမှာတော့ မွမ်မာ ကဒါဖီရဲ့သား ဆာအိ အယ်လ် အစ္စလာမ်က လစ်ဗျားရုပ်သံကနေ ပြည်သူကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အတိုက်အခံတွေနဲ့ အစ္စလာမ်အဖွဲ့တွေက ဆန္ဒပြမှုတွေ ဖြစ်အောင်လုပ်ပြီး နိုင်ငံပြိုကွဲအောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ပေမဲ့ လစ်ဗျားစစ်တပ်က လူထု အုံကြွမှုကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ထားတာမျိုး မဟုတ်တဲ့အတွက် ပစ်ခတ်မိပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

XS
SM
MD
LG